OPPO Reno စီးရီးဟာ စတင်ပြီး မိတ်ဆက်ခဲ့တာ တစ်နှစ်ဝန်းကျင်ပဲ ရှိသေးပေမယ့် မျိုးဆက်လေးဆက်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် OPPO ဟာ လာမယ့် သုံးလပတ်မှာလည်း မျိုးဆက်သစ်ဖြစ်တဲ့ Reno 5 စီးရီးကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိပေါက်ကြားသတင်းတစ်ခုကတော့ ဒီဟန်းဆက်တွေရဲ့ နာမည်တွေနဲ့ အသုံးပြုထားမယ့် ပရိုဆက်ဆာတွေအကြောင်းကို ဖော်ပြထားပါတယ်။ ဒီထဲက တစ်ခုဟာ မိတ်မဆက်ရသေးတဲ့ Chipset နဲ့ဖြစ်ပါတယ်။ ဒီပေါက်ကြားသတင်းကို ဖော်ပြခဲ့တာက Really Asen Jun ဖြစ်ပြီး သူကတော့ Reno5 ဟန်းဆက် သုံးမျိုးရှိမယ်လို့ ဆိုပါတယ်။

Jun ရဲ့အဆိုအရ Reno5, Reno5 Pro နဲ့ Reno5 Pro Plus တို့ဖြစ်ပါတယ်။ ဒါပေမယ့် OPPO ရဲ့ ထုံးစံအတိုင်း မတူညီတဲ့ဈေးကွက်အတွက် မတူညီတဲ့နာမည်တွေနဲ့ မိတ်ဆက်လာနိုင်ပါတယ်။ ဒီဟန်းဆက် ၃ မျိုးအနက် OPPO Reno5 Pro နဲ့ Reno5 Pro Plus တို့ဟာ Snapdragon 860 ကို အသုံးပြုထားမယ်လို့ ဆိုပါတယ်။ ဒီ ပရိုဆက်ဆာက အခုအချိန်ထိတော့ ကြေညာခြင်းမပြုရသေးပါဘူး။

Snapdragon 860 နဲ့ပတ်သက်တဲ့သတင်းတွေကို ပြန်ရှာကြည့်မယ်ဆိုရင် OPPO နဲ့ ချိတ်ဆက်နေတာကို တွေ့ရမှာပါ။ ဒါကြောင့် Jun ရဲ့ ကောလာဟလက ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ရပါတယ်။ Reno5 ကတော့ Snapdragon 775G ကိုအသုံးပြုထားမယ်လို့ဆိုပါတယ်။ SD775G ကိုလည်း ဇွန်လမှာကြေညာမယ်လို့ဆိုထားပေမယ့် အခုထိကြေညာရခြင်း မရှိသေးပါဘူး။

Ref: Gizmochina