OPPO ဟာ မကြာသေးခင်တုန်းက Reno8 Series ဖုန်းတွေကို Europe စျေးကွက်အတွက် တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Event မှာ OPPO Oversea Sales and Services ပိုင်းကို တာဝန်ယူထားတဲ့ Vice President တစ်ဦးဖြစ်တဲ့ Billy Zhang ကနေ OPPO ဖုန်းတွေအတွက် အပြောင်းအလဲတစ်ခုကို ပြောကြားခဲ့ပါတယ်။

ဒါကတော့ OPPO ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ စမတ်ဖုန်းတွေအတွင်းမှာ ထည့်သွင်းပေးနေကျဖြစ်တဲ့ Charger တွေကို ထည့်ပေးတော့မှာမဟုတ်ဘဲ ရောင်းချသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Charger တွေကို ဖယ်ရှားလိုက်တဲ့အတွက် ဖုန်းဘူးခွံက ပိုပြီး သေးငယ်ပေါ့ပါးသွားမှာဖြစ်သလို ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပြီးဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ လာမယ့်နှစ်မှာ OPPO ဖုန်းအများအပြားမှာ Charger ပါဝင်တော့မှာမဟုတ်ပေမယ့် ဘယ်စမတ်ဖုန်းအမျိုးအစားတွေကို အရင်ဆုံး Charger ဖြုတ်ပြီးရောင်းချသွားမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။

လောလောဆယ်မှာ OPPO ဖုန်းအများစုဟာ SuperVOOC Fast Charging နည်းပညာကို အသုံးပြုနေပြီး အမြန်ဆုံးအားသွင်းနိုင်ဖို့အတွက် Original Charger တွေကိုပဲ အသုံးပြုနေရတာဖြစ်ပါတယ်။ ဒီအတွက် Charger တွေကို ထည့်သွင်းရောင်းချခြင်းမရှိတော့ဘူးဆိုရင် OPPO ဖုန်းအသုံးပြုသူတွေအနေနဲ့ Fast Charging ဖြင့် အားသွင်းနိုင်ဖို့အတွက် သီးသန့် SuperVOOC Charger တွေကို ဝယ်ယူရဖွယ်ရှိနေပါပြီ။

အခုလို စမတ်ဖုန်းတွေမှာ Charger တွေကို ဖြုတ်ပြီး ရောင်းချလာတာက Apple ကနေ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဖုန်းကုမ္ပဏီအများအပြားလိုက်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Ref – GSM Arena