Google က Pixel 4a ကို မကြာခင် ကြေညာတော့မယ်လို့ထင်ပါတယ်။ အခုတော့ Pixel 4a ကို ပြင်သစ် အွန်လိုင်း စတိုးတွေ ဖြစ်တဲ့ Ordimedia နဲ့ eStock.fr တို့မှာ တွေ့လာရပြီ ဖြစ်ပြီး အနက်နဲ့ အပြာရောင်တွေကို စာရင်းတင်ထားပါတယ်။

အနက်ရောင်ရဲ့ မော်ဒယ်နံပါတ်ဟာ GA02099-FR နဲ့ အပြာရောင်ဟာ GA02101-FR ဖြစ်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးမှာ 128GB Storage ပါမယ်လို့ ဖော်ပြထားပြီး eStock.fr က ၈ ရက်ကနေ ၁၂ ရက်အတွင်း ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပါတယ်။ Ordimedia ကတော့ ဇူလိုင်လ ၇ ရက်နေ့ ပို့ဆောင်ပေးမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီ စတိုးတွေက ၅၀၆ ယူရိုနဲ့ ၄၄၁ ယူရို အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၉ သောင်းနဲ့ ၆ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Google Pixel 4a ကို ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေတဲ့အတွက် အထက်က ပို့ဆောင်မယ့်ရက်တွေက သိပ်မသေချာပါဘူး။ ဈေးကတော့ တော်တော်လေး မြင့်မားနေတဲ့အတွက် ဒီဈေး ဟုတ်ချင်မှလည်း ဟုတ်မှာပါ။

ပေါက်ကြားနေတဲ့ သတင်းတွေအရ Pixel 4a မှာ Snapdragon 730 CPU နဲ့ ၅.၈၁ လက်မ OLED FHD+ မျက်နှာပြင် ထည့်သွင်းထားမှာပါ။ 8MP Punch Hole ကင်မရာနဲ့ အနောက်ဘက်မှာ 12.2MP Main ကင်မရာ ပါလာမှာပါ။ 3,080mAh ဘက်ထရီနဲ့ နားကြပ်ပေါက် ထည့်သွင်းထားမှာပါ။

Ref : gsmarena