Google ရဲ့ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုပြီး မိတ်ဆက်လာခဲ့တဲ့ Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Android ဖုန်းတွေအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသစ်ပါဝင်လာတဲ့ Under Display Fingerprint Sensor နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ အခြေအနေတစ်ခုမှာ Google Pixel 6 ဖုန်းတွေရဲ့ Fingerprint Sensor က လုံးဝကို အလုပ်လုပ်နိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ ဒါက Battery အား 0% အထိ ရောက်ရှိထားပြီး လုံးဝ ဖုန်းက ပိတ်သွားတာနဲ့ Fingerprint Sensor ကိုလည်း ထပ်မံအသုံးပြုနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ အခုလိုမျိုး Fingerprint Sensor ကို အသုံးပြုမရတော့တာဟာ ခတ္တပဲဖြစ်တာမျိုးမဟုတ်ဘဲ ဖုန်းကို ပြန်အားသွင်းပြီးရင်လည်း အသုံးမပြုနိုင်တော့တာဖြစ်ပါတယ်။ ဖုန်းကို Unlock ပြုလုပ်တဲ့အချိန်တင်မဟုတ်ဘဲ Fingerprint Sensor ကို အသစ်ပြန်ထည့်ရင်လည်း Fail နေမှာဖြစ်ပါတယ်။ တကယ်လို့ အခုလိုမျိုး Fingerprint Sensor ကို အသုံးပြုနိုင်ခြင်းမရှိတော့တဲ့ ပြဿနာကို လောလောဆယ်မှာ ဖြေရှင်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Data တွေကို Backup ပြုလုပ်ပြီး Reset ပြန်ချမှပဲ အဆင်ပြေမှာပါ။

Google ကတော့ အဆိုပါ Fingerprint Sensor Bug ကို သိရှိပြီးဖြစ်တယ်လို့ ပြောကြားထားပြီး မကြာခင်မှာ Update နဲ့အတူပြင်ဆင်သွားဖွယ်ရှိနေပါတယ်။ ဒါကြောင့် လောလောဆယ်မှာ Pixel 6 ဖုန်းတွေကိုအသုံးပြုနေတယ်ဆိုရင် အကောင်းဆုံးက Battery ကို 0% အထိ ကုန်အောင် မသုံးဘဲနေဖို့ဖြစ်ပါတယ်။

Ref – GSM Arena