Google Pixel Series ဖုန်းတွေဟာ အမြဲလိုလို ပြဿနာတွေတစ်ခုပြီး တစ်ခုကြုံနေရတတ်ပါတယ်။ အခုလည်း Google ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Pixel 7 Series ဖုန်းတွေမှာ ထူးခြားတဲ့ပြဿနာတစ်ခုကို ကြုံနေရတယ်လို့ သိရပါတယ်။

ဒါကတော့ Pixel 7 ဖုန်းကို အသုံးပြုသူတွေဟာ ပုံမှန်အတိုင်းအသုံးပြုနေတုန်း နောက်ဖက်က ကင်မရာမှန် ကွဲအက်သွားတဲ့ပြသာနာကို ကြုံနေရတာဖြစ်ပါတယ်။ အဆိုပါသတင်းကို PhoneArena ၊ Android Police လိုမျိုး မီဒီယာတွေကနေ ဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိမှာ အသုံးပြုသူအများအပြားကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အခုလိုမျိုး လွတ်ကျခြင်း၊ ထိခိုက်မိခြင်းမရှိဘဲ ကင်မရာမှန်ကွဲတဲ့ပြဿနာကို Google ဘက်က တရားဝင်ဖြေရှင်းထားခြင်းမရှိသေးပါဘူး။ တချို့သော အခုပြဿနာကြုံတွေ့ရတဲ့သူတွေကို Google ကနေ အခမဲ့ပြန်လည်ပြင်ဆင်ပေးနေပေမယ့် တချို့အသုံးပြုသူတွေဟာ ပြန်လည်ပြုပြင်ဖို့အတွက် ဒေါ်လာ ၂၀၀ ကနေ ဒေါ်လာ ၄၀၀ အထိ ပေးနေရတယ်လို့ သိရပါတယ်။

ဖြစ်နိုင်ခြေများတဲ့အကြောင်းပြချက်တစ်ခုကတော့ အခုလိုမျိုး ကင်မရာမှန်ကွဲအက်မှုဟာ အလွန်အေးတဲ့ အခြေအနေတွေမှာ ပိုပြီး အဖြစ်များနေတာဖြစ်ပါတယ်။ တချို့အသုံးပြုသူတွေဟာ အအေးချိန် အနုတ် ၂ ဒီဂရီကနေ ၁၅ ဒီဂရီအတွင်းအခြေအနေမှာ ဖုန်းကိုအသုံးပြုနေတုန်း ကင်မရာမှန်ကွဲအက်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အခုလိုမျိုး အလွန်အေးတဲ့အခြေအနေမှာ Pixel 7 ကင်မရာမှန်ကွဲအက်မှုက Google ရဲ့ အားနည်းချက်လို့ ပြောဖို့ခက်ခဲပေမယ့် တခြားသော စမတ်ဖုန်းတွေမှာ အလားတူပြဿနာဖြစ်ပေါ်ခြင်းမရှိတာကြောင့် Pixel 7 ဖုန်းမှာ အသုံးပြုထားတဲ့ ကင်မရာမှန်ဟာ အားနည်းတယ်လို့ သတ်မှတ်ရမှာပါ။

Ref – The Verge