Google ဟာ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေကို မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Pixel 7 Series ဖုန်းတွေဟာ Google ရဲ့ ကိုယ်ပိုင် Tensor Gen 2 Chipset ကို အသုံးပြုထားတာဖြစ်သလို မနှစ်တုန်းက Pixel 6 Series ထက် အကုန်လုံးကို အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။​

အထူးသဖြင့် Camera ပိုင်းမှာ Google ကနေ Pixel 7 Pro ဖုန်းကို သိသိသာသာအဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားခဲ့ပြီး အခုဆိုရင်လည်း DxOMark ရဲ့ အဆင့်သတ်မှတ်ချက်တွေထဲမှာ ကင်မရာအကောင်းဆုံးဖုန်းအဖြစ် နံပါတ် (၁) နေရာကိုရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခု XDA Developers ကနေ တွေ့ရှိချက်အရ​ Pixel 7 Pro ဟာ Display ပိုင်းမှာတော့ အားနည်းနေတဲ့ပုံစံပါပဲ။​

ဘာကြောင့်လဲဆိုရင် Google Pixel 7 Pro ဖုန်းကို အမြင့်ဆုံး Brightness ဖြင့် အသုံးပြုတဲ့အချိန်မှာ တခြားသောစမတ်ဖုန်းတွေထက် ပါဝါစားသုံးမှုအလွန်မြင့်မားနေတာပဲဖြစ်ပါတယ်။ ဘယ်လောက်ထိ ပါဝါစားသုံးမှုမြင့်မားသလဲဆိုရင် Full Brightness နဲ့ အချိန် ၁၅ မိနစ်ခန့်အသုံးပြုတာက Battery ကို 10% အထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

စစ်ဆေးချက်တွေအရ Pixel 7 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Display ဟာ သာမန် 600nits Brightness ဝန်းကျင်နဲ့အသုံးပြုတဲ့အချိန်မှာ 3.5 ကနေ 4W အတွင်းပဲ ပါဝါစားပြီးတော့ Full Brightness ဖြစ်တဲ့ 1500nits မှာတော့ အမြင့်ဆုံး 6W အထိ ပါဝါစားနေတာဖြစ်ပါတယ်။​ တစ်ဖက်မှာ နှိုင်းယှဥ်ရမယ်ဆိုရင် Galaxy S22 Ultra ဖုန်းဟာ 1000nits Brightness အခြေအနေမှာ 4W ပဲ​ပါဝါစားသုံးမှုရှိနေတာဖြစ်ပါတယ်။​

ဒါပေမယ့် အခုလိုမျိုး Display က သိသိသာသာ Battery ပိုစားနေတာက Pixel 7 Pro ဖုန်းမှာပဲ​ကြုံတွေ့ရတာဖြစ်ပြီး ပုံမှန် Pixel 7 ဖုန်းမှာတော့ အခုပြဿနာမရှိဘူးလို့ သိရပါတယ်။ Google ဘက်ကတော့ အခုပြဿနာအတွက် ဖြေရှင်းမှုမရှိသေးပေမယ့် နောက်ပိုင်း Software Update ကနေတစ်ဆင့် ပြင်ဆင်ပေးနိုင်ဖွယ်ရှိနေပါတယ်။​

Ref – Gizmo China