Google ဟာ ပုံမှန်အားဖြင့် Flagship Pixel Series ဖုန်းတွေကို နှစ်ကုန်ပိုင်းမှာ အမြဲမိတ်ဆက်နေကြဖြစ်ပါတယ်။ အဲ့ဒီအပြင် Google I/O Event ပြုလုပ်နေကြ မေလဝန်းကျင်မှာလည်း စျေးနှုန်းပိုမိုသက်သာတဲ့ Mid Range Level Pixel A Series ဖုန်းတွေကိုပါ ထပ်မံ မိတ်ဆက်နေပြီဖြစ်ပါတယ်။

လာမယ့် မေလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O 2023 Event မှာလည်း Google ကနေ Pixel 7a ဖုန်းသစ်ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး အခုဆို သတင်းတွေတောင် အများအပြားပေါက်ကြားနေပြီဖြစ်ပါတယ်။ Pixel 7a ဖုန်းဟာ ယခင် Pixel 6a နဲ့ နှိုင်းယှဥ်ရင် 90Hz OLED Display ၊​ 64MP Main Camera ၊​ Google Tensor G2 Chipset နဲ့ Wireless Charging တွေလိုမျိုး အဆင့်မြှင့်တင်မှုတွေ အများအပြားပါဝင်မှာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရ အဆိုပါ Pixel 7a ဖုန်းဟာ Google အတွက် နောက်ဆုံးသော Pixel A Series ဖုန်းဖြစ်လာတော့မှာပါ။ အဆိုပါသတင်းကို Leakster တစ်ဦးဖြစ်တဲ့ Yogesh Bar ကနေ ပြောကြားခဲ့တာဖြစ်ပြီး Google ဟာ နောက်ပိုင်းမှာ ပုံမှန် Flagship ဖုန်း ၂ မျိုးအပြင် Foldable ဖုန်းတွေကိုပဲ နှစ်စဥ်မိတ်ဆက်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တည်းက Pixel 3a နဲ့ Pixel 3a XL ဆိုပြီး A Series ဖုန်း ၂ မျိုးနဲ့ စျေးကွက်ထဲဝင်ရောက်ခဲ့သလို နောက်ပိုင်းမှာ XL Model ကို ဖြုတ်ချပြီး သာမန် Pixel A Series ဖုန်းတစ်မျိုးတည်းကိုပဲ နှစ်စဥ်မိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။​ Pixel A Series ဖုန်းတွေဟာ စျေးနှုန်းသက်သာတဲ့အတွက် ရောင်းအားကောင်းတဲ့ဖုန်းတွေဖြစ်ပေမယ့် အခုဆိုရင် အနိမ့်ဆုံး Pixel Flagship ဖုန်းတွေနဲ့ စျေးနှုန်း ကွာဟမှု နည်းပါးလာတာကြောင့် အခုလို သတင်းထွက်ပေါ်လာတာကလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မိတ်ဆက်မယ့် Pixel 7a ဖုန်းက အောင်မြင်နိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China