ယခုနှစ်ကုန်ပိုင်းမှာ Google ရဲ့ စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Pixel 8 Series ဖုန်းတွေကို တရားဝင်မိဆက်ဖို့ ကျန်ရှိနေပါသေးတယ်။ ပုံမှန်အားဖြင့် Google ဟာ Pixel ဖုန်းတွေအပါအဝင် တခြားသော Product တွေကို အောက်တိုဘာလအတွင်းမှာ မိတ်ဆက်လေ့ရှိတာကြောင့် ယခုနှစ်မှာလည်း အောက်တိုဘာလမှာ မိတ်ဆက်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Google ကနေ Pixel 7 Series ဖုန်းတွေအပြင် ပထမဆုံးသော ကိုယ်ပိုင် Smartwatch ဖြစ်တဲ့ Pixel Watch ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်မှာလည်း Pixel 8 Series ဖုန်းတွေနဲ့အတူ Pixel Watch 2 ကို မိတ်ဆက်လာဦးမှာဖြစ်ပြီး အခုဆို တချို့သော Specification တွေပေါက်ကြားလာခဲ့ပါပြီ။

Google Pixel Watch 2 ဟာ လက်ရှိအချိန်မှာ Google Play Console မှာ စာရင်းပေါက်ကြားထားပြီးဖြစ်ပြီး Chipset ပိုင်းမှာ Qualcomm Snapdragon W5 Chipset ကို အသုံးပြုလာမယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Google Pixel Watch 2 ဟာ မနှစ်က Pixel Watch လိုမျိုးပဲ 2GB RAM ပဲ ပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက Pixel Watch ဟာ ထွက်ရှိတာနှစ်အတော်ကြာနေပြီဖြစ်တဲ့ Exynos 9110 Chipset ကို အသုံးပြုခဲ့တာကြောင့် Performance ပိုင်းနဲ့ Battery Life ပိုင်းမှာ ဝေဖန်မှုတွေကို ခံခဲ့ရတာကြောင့် အခုလိုမျိုး Snapdragon W5 Chipset အသစ်ကို အဆင့်မြှင့်တင်လိုက်တာက သိသိသာသာတိုးတက်လာစေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Software ပိုင်းမှာလည်း Google Pixel Watch 2 ဟာ Wear OS 4 ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Google Pixel Watch 2 ဟာ ဒီဇိုင်းပိုင်းမှာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Pixel Watch နဲ့အကုန်လုံးနီးပါးတူညီမှာဖြစ်ပြီး Display Panel အတွက် BOE Display အစား Samsung Display Panel ကို ပြောင်းလဲအသုံးပြုထားတယ်ဆိုပြီး သတင်းထွက်ရှိထားပါတယ်။

Ref – 9to5Google