Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက POCO ကို သီးသန့် Sub-brand အနေနဲ့ ခွဲထုတ်လိုက်ပြီး အခုအချိန်မှာ POCO X2 စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ POCO X2 စမတ်ဖုန်းဟာ လက်ရှိ Redmi K30 4G ကိုပဲ နာမည်ပြောင်းလဲထားတာဖြစ်ပြီး ယခင် POCO F1 လိုမျိုး Flagship Processor နဲ့ စမတ်ဖုန်းတေ့ာ မဟုတ်ခဲ့ပါဘူး။

အခုလိုမျိုး POCO X2 စမတ်ဖုန်းဟာ POCO F1 ထက်ပိုကောင်းတဲ့ Flagship ဖုန်းမဟုတ်ခဲ့ပေမယ့်လည်း ကုမ္ပဏီကနေ POCO F1 ထုတ်လုပ်ရောင်းချနေမှုကို တရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အခုသတင်းကိုတော့ POCO India ရဲ့ General Manager ဖြစ်တဲ့ C. Manmohan ကနေ ပြောကြားခဲ့တာပါ။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ POCO ကနေ POCO X2 စမတ်ဖုန်းတစ်မျိုးထဲကိုပဲ တရားဝင်ရောင်းချသွားမှာဖြစ်ပါတယ်။

POCO F1 စမတ်ဖုန်းဟာ Mi.com Website မှာလည်း ရောင်းချသွားတော့မှာမဟုတ်သလို လက်ရှိ Mi Store နဲ့ အပါအဝင် Flipkart နဲ့ Amazon India တို့မှာ ကျန်ရှိနေတဲ့ Unit တွေကိုပဲ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ C. Manmohan ရဲ့ ပြောကြားချက်အရတော့ အခုလိုရပ်ဆိုင်းလိုက်တာက Qualcomm ကနေ Snapdragon 845 Chipset ထုတ်လုပ်မှုကို ရပ်တန့်လိုက်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

POCO F1 စမတ်ဖုန်းဟာ စတင်ထွက်ရှိတဲ့အချိန်မှာတော့ အောင်မြင်တဲ့စမတ်ဖုန်းတစ်ခုဖြစ်ခဲ့ပြီး အဆိုပါအချိန်တုန်းက Snapdragon 845 Chipset အသုံးပြုထားတဲ့ စျေးအသက်သာဆုံး Flagship ဖုန်းတစ်လုံးလို့တောင် ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် POCO F1 ဟာ ထွက်ရှိပြီး ၁၈ လကြာတဲ့အထိ ထုတ်လုပ်ရောင်းချနေတဲ့အတွက် သက်တမ်းအကြာဆုံးရောင်းချတဲ့ Flagship ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။

ဘာပဲဖြစ်ဖြစ် POCO X2 လိုမျိုး Snapdragon 730G Chipset အသုံးပြုထားတဲ့ ဖုန်းထက် Snapdragon 865 Chipset နဲ့ POCO Flagship ဖုန်းကိုတော့ ဝယ်ယူဖို့စဥ်းစားနေတယ်ဆိုရင်တော့ ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။

Ref – Gizmo China