Poco X3 NFC ကို စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက် ၁ ရက်မှာ AliExpress ကနေ Flash Sale အနေနဲ့ ရောင်းပေးခဲ့ပါတယ်။ အခုတော့ Poco က ၃ ရက်အတွင်းမှာ X3 NFC အလုံးရေ ၁ သိန်းကျော် ရောင်းချနိုင်ခဲ့ပြီလို့ ဂုဏ်ယူစွာ ကြေညာလိုက်ပါတယ်။

Poco X3 NFC ရဲ့ Specs တွေကို ပြန်ပြောပြချင်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ ၆.၆၇ လက်မ FHD+ Dot မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း မြန်ပါတယ်။ ဂိမ်မာတွေအတွက်တော့ ရှယ်ပဲလို့ ပြောချင်ပါတယ်။ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာပဲ ထည့်ထားတဲ့ အဲဒီ စံနှုန်းကို Poco X2 NFC လို တန်ဖိုးနည်း ဖုန်းမှာ ထည့်ပေးလိုက်တာက ကျေနပ်ဝမ်းသာစရာပါ။

Poco X3 NFC ဟာ Snapdragon 732G Processor ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 6GB RAM ပါလာပြီး Storage အပိုင်းမှာ 64GB နဲ့ 128GB ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

AliExpress မှာ 6/64GB ကို ၂၂၉ ဒေါ်လာနဲ့ 6/128GB ကို ၂၆၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၃ သိန်းနဲ့ ၃ သိန်းခွဲလောက် အသီးသီး ကျသင့်မှာပါ။ Cobalt Blue နဲ့ Shadow Gray ၂ ရောင် ရွေးချယ်နိုင်ပါတယ်။

Ref : gizmochina