PUBG Global Series သို့မဟုတ် PGS: Berlin ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းရတဲ့ Esports ပွဲတွေထဲကို စာရင်းပေါင်းလာခဲ့ပြီး ရောဂါပိုးကူးစက်မှု အခြေအနေတည်ငြိမ်သွားတဲ့ အချိန်ထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးတွေမှာ အလွယ်ကူးစက်နိုင်တာကြောင့် ပြင်ပမှာ စုဝေးကျင်းပတဲ့ LAN ပြိုင်ပွဲတွေကို တစ်ခုပြီးတစ်ခု ရွှေ့ဆိုင်းနေကြရတာ ဖြစ်ပါတယ်။

ဒီကြေညာချက်ဟာ PUBG Corporation ဆီကနေ တိုက်ရိုက်လာတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ကိုရိုနာဗိုင်းရပ်စ်ရန်ကို နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေ သတ်မှတ်လိုက်ခြင်းနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာလုံခြုံရေးဟာ ကျွန်တော်တို့အတွက် ထိပ်ဆုံးက အရေးပါပါတယ်။ ဒါကြောင့် ဧပြီမှာ ကျင်းပမယ့် PGS: Berlin ပွဲကို မတတ်သာဘဲ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်” လို့ PUBG Corp က ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ PUBG Global ပြိုင်ပွဲ လေးခုထိ ကျင်းပသွားမယ့် အစီအစဉ်ကိုတော့ မဖျက်သိမ်းသေးဘဲ အစားထိုးကျင်းပဖို့ စောင့်ကြည့်နေမှာဖြစ်ကြောင်း PUBG က ဆိုပါတယ်။

PGS: Berlin ပွဲဟာ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် 2020 PUBG ဂလိုဘယ်စီးရီးရဲ့ ပထမဆုံးပွဲဖြစ်ပြီး မတ်လမှာ စတင်ကာ ဧပြီထဲမှာ ဖိုင်နယ်ပွဲစဉ်တွေ ဆော့ကစားစေဖို့ဖြစ်ပါတယ်။ အခုတော့ ဘယ်အချိန်မှပြန်စမလဲ မသိရသေးတာကြောင့် သူ့နောက်က ကျင်းပရမယ့်ပွဲတွေရဲ့ အချိန်ဇယားကိုပါ ထိခိုက်နိုင်ခြေရှိနေပါတယ်။

PUBG Global Championship ပွဲကိုတော့ နိုဝင်ဘာလမှာ ကျင်းပဖို့ လျာထားဆဲဖြစ်ပြီး PGS ပွဲတွေရဲ့ အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ကိုရိုနာဗိုင်းရပ်စ်ဟာ Esports ကဏ္ဍကို ကြီးမားစွာ ထိခိုက်မှုရှိနေပြီး လက်ရှိ ကျင်းပနေတဲ့ ESL One Los Angeles Dota 2 လက်ရည်စစ်ပွဲတွေမှာတောင် တရုတ် Regional Qualifier တွေကို ရွှေ့ဆိုင်းထားရပါတယ်။

Ref – Dotesports