TSMC ကနေ Huawei အား Chip တွေထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်တာကြောင့် Huawei အနေနဲ့ လက်ရှိအချိန်မှာ ကိုယ်ပိုင် Kirin Chipset တွေကို ထုတ်လုပ်ဖို့အတွက် အခက်အခဲတွေ့နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့် Huawei Mate 40 Series စမတ်ဖုန်းတွေဟာ နောက်ဆုံးအနေနဲ့ Kirin Chipset ကို အသုံးပြုလာမယ့် စမတ်ဖုန်းတွေဖြစ်လာမယ်လို့လည်း သိရပါတယ်။

ဒီအတွက်ကြောင့် Huawei အနေနဲ့ နောက်ပိုင်းမှာ ထုတ်လုပ်ဖို့ရှိနေတဲ့စမတ်ဖုန်းတွေအတွက် Chipset ကို ရရှိဖို့လည်း ခက်ခဲနေပြီဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Qualcomm ကနေ Huawei ကို Chipset တွေရောင်းချခွင့်ရရှိအောင်ကြိုးစားနေတယ်လို့ သိရပါတယ်။

အဆိုပါသတင်းကို The Wall Street Journal ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Qualcomm အနေနဲ့ အခုလိုမျိုး ရောင်းချခွင့်ရရှိဖို့အတွက် US အစိုးရနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ Huawei အနေနဲ့လည်း လက်ရှိ Kirin 710A လိုမျိုး Mid Range Chipset တွေကို SIMC ကနေ ဝယ်ယူနေနိုင်တယ်ဆိုပေမယ့် Flagship Chipset တွေအတွက်ကတော့ တခြား Chipset ထုတ်လုပ်သူတွေဆီကနေ ဝယ်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း Huawei ကနေ MediaTek ဆီကနေ Chipset ပေါင်း သန်း ၁၂၀ ခန့်ဝယ်ယူဖို့အတွက် စကားပြောဆိုထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Samsung ကလည်း Huawei ကို Chipset တွေ ရောင်းချဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Qualcomm Chipset တွေဟာ လက်ရှိ Android Flagship Chipset တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေတဲ့အတွက် Huawei ကို ရောင်းချနိုင်မယ်ဆိုရင်တော့ Huawei စမတ်ဖုန်းတွေဟာ ပိုပြီး အောင်မြင်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အတည်မပြုနိုင်သေးတဲ့အချိန်မှာတော့ ဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Phone Arena