ရှားပါး Apple ဖိနပ်ကို Sotheby မှာ လေလံတင် ရောင်းချနေပြီး ကြမ်းခင်းဈေးက ဒေါ်လာ ၅၀,၀၀၀ ဖြစ်ပါတယ်။ အဲဒီ ဖိနပ်တွေကို ၁၉၉၀ ခုနှစ်မှာ Apple ဝန်ထမ်းတွေအတွက် အထူး ထုတ်လုပ်ပေးထားတာဖြစ်ပြီး ဝန်ထမ်းတွေကို လက်ဆောင်ပေးထားတာပါ။ အဲဒီ ဖိနပ်ကို လေလံတင် ရောင်းချတာ ဒါပထမဆုံး ဖြစ်ပါတယ်။
ဖိနပ်ရဲ့ အထက်ပိုင်းကို အဖြူရောင် သားရေနဲ့ ဖန်တီးထားပြီး ကြိုးတွေရဲ့ ဘေးမှာ သက်တန့် Apple Logo အဟောင်းကို ရေးထွင်းထားပါတယ်။ Apple Logo အဟောင်းက ဖိနပ်ရဲ့ အထူးခြားဆုံး အပိုင်း ဖြစ်ပြီး Sotheby က သဘောကျစရာကောင်းတယ်လို့ သုံးသပ်ပါတယ်။
ဖိနပ်နဲ့အတူ Omega X Apple ခြေအိတ်တွေ ပါလာပြီး ဆယ်စုနှစ် ၃ ခုလောက် သက်တမ်း ရှိနေပါပြီ။ ခြေအိတ်တွေကို ဘူးထဲမှာ ထည့်ထားလို့ အသစ်အတိုင်း ဖြစ်ပေမယ့် သက်တမ်းကြာနေတဲ့အတွက် အဝါရောင်သမ်းနေပါတယ်။ ဖိနပ် အရွယ်အစားက အမေရိကန် စံနှုန်းနဲ့ ဆိုရင် ၁၀.၅ ဖြစ်ပြီး ဥရောပအတွက် ၄၁ နဲ့ ဗြိတိန်အတွက် ၈.၅ တို့ ဖြစ်ကြပါတယ်။ ဘူးထဲမှာ အနီရောင် ဖိနပ်ကြိုးတစ်စုံလည်း ထည့်ပေးထားပါတယ်။
Apple ရဲ့ ရှေးဟောင်း ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ လေလံတင် ရောင်းချတာတွေ အရင်ကလည်း ရှိခဲ့ပါတယ်။ ပါကင် မဖောက်ရသေးတဲ့ 4GB Apple iPhone ကို အမေရိကန်မှာ ဒေါ်လာ ၁၉၀,၀၀၀ နဲ့တောင် လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။
Ref : gizmochina