Realme ဟာ 6,000mAh ဘက်ထရီနဲ့ C15 ကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ အင်ဒိုနီးရှားဈေးကွက်အတွင်း စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ မကြာခင်ရက်ပိုင်းကမှကြေညာခဲ့တဲ့ Realme C11 ထက် ပိုပြီး အဆင့်မြင့်တဲ့ အမျိုးအစားလည်း ဖြစ်တာကို တွေ့မြင်ရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတော့ Realme C15 နဲ့ပတ်သက်ပြီး နည်းပါးလွန်းလှတဲ့ အချက်အလက်အချို့ပဲ ထွက်ပေါ်ခဲ့တာပါ။ 6,000mAh ဘက်ထရီကို 18W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ ဒီဟန်းဆက်ဟာ Realme အမှတ်တံဆိပ်ထဲမှာတော့ နောက်ထပ် ဈေးချိုချိုနဲ့ သုံးရတာတန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Lazada Indonesia ကတစ်ဆင့် ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Realme C15 ဟာ Seagull Grey နဲ့ Marine Bluet ဆိုတဲ့ အရောင်နှစ်မျိုး ရရှိနိုင်မယ်လို့ သိရပါပြီ။ ဒါ့အပြင် Playfuldroid ကလည်း ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အချို့ကို ထုတ်ဖော်ထားပြန်ပါသေးတယ်။

Realme C15 ဟာ C11 လိုပဲ Helio G35 နဲ့ထွက်ပေါ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ကျောဘက်မှာတပ်ဆင်ထားတဲ့ ကင်မရာလေးလုံးအနက် အဓိကကင်မရာဟာ 13MP ဖြစ်ပြီး ကျန်တာတွေကတော့ 8MP superwide sensor, 2MP macro lens နဲ့ 2MP depth assist sensor တို့ဖြစ်ပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 5MP ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့အချက်အလက်တွေအဖြစ် Realme C15 ဟာ Waterdrop notch နဲ့ဖြစ်ပြီး 6.5-inch IPS LCD panel နဲ့ဖြစ်တယ်လို့ သိရပါတယ်။ 3GB+64GB အမျိုးအစား၊ 4GB+64GB အမျိုးအစားဆိုပြီး ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။ ကျောဘက်မှာတော့ လက်ဗွေဖတ်စနစ်တပ်ဆင်ပေးထားပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: Gizmochina