စမတ်ဖုန်းသုံးစွဲသူတွေရဲ့ တောင်းဆိုမှုများစွာထဲမှာ အားသွင်းမြန်နှုန်းကလည်း မေ့လျော့ထားလို့မရတဲ့ အရာတစ်ခုပါပဲ။ အချိန်နဲ့တပြေးညီလှုပ်ရှားလုပ်ကိုင်နေကြတဲ့ IT ခေတ်မှာ အင်တာနက်မြန်နှုန်းကလည်းအရေးပါသလို အားသွင်းမြန်နှုန်းကလည်း စမတ်ဖုန်းတစ်လုံးအတွက်တင်မကဘဲ သုံးစွဲတဲ့သူအတွက်ပါ အရေးပါနေပါတယ်။

ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ 125W မြန်နှုန်းထက် ပိုပြီးမြန်တဲ့အားသွင်းနှုန်းဆိုရင် မျက်ခုံးပင့်မိကြမယ်ထင်ပါတယ်။ realme ကတော့ လာမဲ့ ဖော်ဖော်ဝါရီလ ၂၈ ရက်နေ့မှာမိတ်ဆက်မှာက ကမ္ဘာ့အမြန်ဆုံးစမတ်ဖုန်းအားသွင်းခြင်း လို့ ဆိုထားပါတယ်။ ဘယ်လောက်ထိမြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။

ဘာစီလိုနာမှာ ကျင်းပပြုလုပ်မဲ့ MWC ကို realme လည်း တက်ရောက်မှာဖြစ်ပြီး အခုသူတို့ကြေညာထားတဲ့ “World’s fastest smartphone charging” ကိုလည်း မိတ်ဆက်ပြသမယ်လို့ သိရပါတယ်။ realme ရဲ့ ပြီးခဲ့တဲ့ အမြင့်ဆုံးအားသွင်းမြန်နှုန်းက 125W UltraDart ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ကြေညာခဲ့တာဖြစ်ပေမဲ့ စီးပွားဖြစ်ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေမှာတော့ မရခဲ့ပါဘူး။

အခုအချိန်အထိ realme က မိတ်ဆက်လာမဲ့ အားသွင်းမြန်နှုန်းဟာ ဘယ်လောက်အထိလဲဆိုတာကို မသိကြရသေးပါဘူး။ ဒါပေမဲ့ nubia ဟာ လာမဲ့ Red Magic 7 Pro နဲ့အတူ မြင့်မားတဲ့မြန်နှုန်းကို ယူဆောင်လာဖို့ ပြင်ဆင်နေပါတယ်။ Infinix ကတော့ 160W မြန်နှုန်းနဲ့မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ Digital Chat Station ကတော့ Weibo မှာ realme ရဲ့ လာမဲ့ဖုန်းအသစ် မြန်နှုန်းဟာ 150W ဖြစ်မယ်လို့ ခန့်မှန်းခဲ့ဖူးပါတယ်။

Ref: GSM Arena