Redmi နဲ့ realme တို့ဟာ စမတ်ဖုန်း နယ်ပယ်မှာသာမကဘဲ တခြား နယ်ပယ်စုံမှာလည်း ပြိုင်ဘက်တွေ ဖြစ်လာပါပြီ။ realme ဟာ အိန္ဒိယမှာ realme Buds Classic လို့ ခေါ်တဲ့ Wired Earphones ကို ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကြေညာခဲ့ပါတယ်။ အခုတော့ Redmi India ကလည်း အားကျမခံ Wired Earphones အသစ်ကို မိတ်ဆက်တော့မှာပါ။ Redmi India က အဲဒီ နားကြပ်ရဲ့ Teaser ဗီဒီယို ၁ ခုကို တွစ်တာမှာ တင်လိုက်ပါတယ်။

၂၃ စက္ကန့်ကြာ ဗီဒီယိုမှာ #WiredForEverything Hashtag ကို သုံးထားပြီး နားကြပ်နဲ့ 3.5mm Connector ကို ၉၀ ဒီဂရီ ထောင့်ချိုးနဲ့ ချိတ်ဆက်ထားတာ မြင်ရပါတယ်။ နားကြပ်မှာ Noise Cancellation ပါတဲ့ ဆီလီကွန် ထိပ်ဖူးကို အသုံးပြုထားပြီး realme Buds Classic မှာတော့ Apple AirPods လို ဒီဇိုင်းကို ထည့်သွင်းထားပါတယ်။ ဗီဒီယို အရ နားကြပ် အတွက် အနီနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမှာပါ။

အိန္ဒိယက Leaker ၁ ယောက် ဖြစ်တဲ့ Ishan Agarwal က အဲဒီ နားကြပ်ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေထားပါတယ်။ သူက နားကြပ်ကို Redmi Earphones အနေနဲ့ ရောင်းချမှာ ဖြစ်ပြီး 10mm Drivers တွေ ပါတဲ့ Hi-Res Audio စံနှုန်း ထောက်ပံ့ထားမယ်လို့ ပြောပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပေမယ့် ပေါ့ပါးမယ်လို့ သိရတဲ့အတွက် ဝတ်ဆင်ထားရင် သက်တောင့်သက်သာရှိစေမှာပါ။

ဈေး မသိရသေးပေမယ့် Redmi ဟာ realme Buds Classic ရဲ့ ၃၉၉ ရူပီး ဈေးလောက်နဲ့ ရောင်းမှာ သေချာပါတယ်။ မြန်မာငွေ ၇ ထောင်လောက်ပဲ ရှိတဲ့အတွက် ဈေး အရမ်းချိုမှာပါ။ ၂၀၁၈ ထုတ် Mi Earphones Basic ကိုလည်း အဲဒီဈေးနဲ့ပဲ ရောင်းပေးခဲ့တာပါ။

Ref : gizmochina