Redmi ဟာ တရုတ်မှာ K50 Series စမတ်ဖုန်းတွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီ Series ထဲမှာ စွမ်းရည်သင့် ကနေ စွမ်းရည်မြင့် မော်ဒယ်တွေ ပါဝင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေ ပေါက်ကြားလာပါတယ်။
Redmi K50 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁,၉၉၉ ယွမ်ကစပြီး Pro မော်ဒယ်ဟာ ၂,၆၉၉ ယွမ်က စပါတယ်။ K50 Pro+ က ၃,၂၉၉ ယွမ်က စပြီး စွမ်းရည်အမြင့်ဆုံး K50 Gaming Edition ကို ၃,၄၉၉ ယွမ် သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၅၆၀,၀၀၀ ၊ ၇၆၀,၀၀၀ ၊ ၉၂၀၀၀၀ နဲ့ ၉၈၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။
အဲဒီ ၄ လုံးထဲက ၂ လုံးမှာ Qualcomm Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး K50 မှာ Qualcomm Snapdragon 870 Chipset နဲ့ Gaming Edition မှာ Snapdragon 8 Gen 1 SoC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ K50 Pro မှာတော့ MediaTek Dimensity 8000 Chipset နဲ့ Pro+ မှာ Dimensity 9000 SoC ပါလာမှာပါ။ K50 နဲ့ K50 Pro မှာ 66W နဲ့ 67W Charging Support ထည့်သွင်းထားမှာ ဖြစ်ပြီး Pro+ နဲ့ Gaming Edition တွေမှာ 120W Charging ပါလာမှာပါ။
၄ လုံးထဲက ၃ လုံးကို TENAA က ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် တရုတ်မှာ မကြာခင် ကြေညာတော့မှာပါ။ ၁ လုံးဟာ BIS Database မှာ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် တရုတ်မှာ ကြေညာပြီး သိပ်မကြာခင် အိန္ဒိယမှာ ကြေညာနိုင်ပါတယ်။
Redmi က K50 Series ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် ဒီလနှောင်းပိုင်းလောက် ဖြစ်မယ်လို့ထင်ရပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကြေညာမယ့် နေ့ကို တရားဝင် အတည်ပြုလာနိုင်ပါတယ်။
Ref : gizmochina