Xiaomi ရဲ့ Redmi Note 8 စီးရီးဟာ ပြီးခဲ့တဲ့နှစ်က ဖြန့်ချိခဲ့တာဖြစ်ပြီး ၂၀၂၀ မေလ အထိ အလုံးရေပေါင်း သန်း ၃၀ ကျော်ရောင်းချခဲ့ရလို့ ကုမ္ပဏီရဲ့ အရောင်းရဆုံး စီးရီးလည်း ဖြစ်ခဲ့ပါတယ်။ Redmi Fan တွေ အကြိုက်တွေ့ရတဲ့ အချက်တွေထဲမှာ ကင်မရာပိုင်းက Redmi Note 7 ထက် Hardware ရော Software ပိုင်းပါ သိသိသာသာ အဆင့်မြင့်လာလို့လည်း ဖြစ်ပါတယ်။

အခုလည်း Redmi Fan တွေ အကြိုက်တွေ့စေမယ့် သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ Redmi Note 8 ဟာ ၈ ထပ်တိုက်ပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး ရေထဲရောက်သွားခဲ့ပေမယ့် အပျက်အစီးအချို့ကလွဲရင် ဆက်သုံးလို့ ရနေသေးတယ်ဆိုတာပါပဲ။

ရေထဲက ပြန်ဆယ်လာရတဲ့ Redmi Note 8 ဟာ မျက်နှာပြင်ဖန်သားကွဲအက်သွားပြီး ကင်မရာခန်းထဲ ရေဝင်သွားတာဖြစ်ပေမယ့် Touch operation ကတော့ ကောင်းကောင်းအလုပ်လုပ်နေသေးတယ်လို့ သိရပါတယ်။ ဖုန်းဟာ အနည်းငယ်ကွေးသွားတဲ့ ပုံစံလည်း တွေ့မြင်ရပါတယ်။ ဒီအကြောင်းကို Xiaomi ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌဖြစ်တဲ့ Lei Jun က လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ပြီး Redmi Note 8 ရဲ့ အရည်အသွေးကောင်းမွန်မှုအကြောင်းကို ကြွားလုံးထုတ်သွားခဲ့ပါသေးတယ်။

Redmi Note 8 ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ဒီဟန်းဆက်ရဲ့ အဓိကအားသားချက်လို့ဆိုရမယ့်အရာဟာ ကျောဘက်ကင်မရာလေးလုံး တပ်ဆင်ထားခြင်းပဲ ဖြစ်ပါတယ်။ 6.3-inch မျက်နှာပြင်မှာ Waterdrop notch နဲ့ဖြစ်ပြီး Qualcomm Snapdragon 665 processor ကို 6GB of RAM နဲ့ တွဲဖက်အသုံးပြုထားတာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000mAh ပမာဏဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

Ref: Gizmochina