MediaTek ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Chipset အသစ်တွေဖြစ်တဲ့ Dimensity 1200 နဲ့ Dimensity 1100 Chipset တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Redmi ဟာ Dimensity 1200 Chipset နဲ့ ပထမဆုံးစမတ်ဖုန်းကို မိတ်ဆက်မယ်လို့ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြောကြားချက်ကို Redmi Brand ရဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Lu Weibing ကိုယ်တိုင် Weibo စာမျက်နှာမှာ အတည်ပြုပေးခဲ့ပါတယ်။ နောက်ထပ်လည်း Redmi Brand နဲ့ Gaming Phone အသစ်ကိုမိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့တဲ့အတွက် MediaTek Dimensity 1200 Chipset ကိုပဲ အသုံးပြုလာနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Lu Weibing ရဲ့ ပြောကြားချက်အရတော့ MediaTek Dimensity 1200 Chipset ဟာ TSMC ရဲ့ 6nm Architecture အသစ်ကို အသုံးပြုထားတာဖြစ်ပြီး CPU Clock Speed ပိုင်းမှာ 3GHz အထိ ရောက်ရှိနိုင်သလို 5G ၊ AI နဲ့ Photo ၊ Video ပိုင်းတွေမှာလည်း သိသိသာသာပိုကောင်းလာမှာဖြစ်ပါတယ်။ ဒါက အသုံးပြုသူတွေအတွက် ကြီးမားတဲ့ပြောင်းလဲမှုဖြစ်လာမှာပါ။

Redmi ဟာ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ Redmi K40 Series ကို မိတ်ဆက်ဖို့ရှိနေပြီးတော့ Qualcomm Snapdragon 888 Chipset နဲ့ Redmi K40 Pro Flagship ဖုန်းအပြင် Snapdragon 870 Chipset ကို အသုံးပြုထားတဲ့ Redmi K40 ကိုပါ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။ အဲ့ဒီအတွက် အဆိုပါ Redmi K40 Series မှာပဲ MediaTek Dimensity 1200 Chipset နဲ့ စမတ်ဖုန်းကိုပါ မြင်ရမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena