Redmi Note 9 စီးရီးကို တရုတ်နိုင်ငံမှာ ကြေညာလိုက်တဲ့အခါ ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Smartwatch ကိုလည်း ထည့်သွင်းမိတ်ဆက်သွားခဲ့ပါတယ်။ ဒီ Smartwatch ရဲ့ နာမည်က Redmi Watch ဖြစ်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ Smartwatch ဟာ ဈေးနှုန်းချိုသာပြီး ပုံမှန်အားဖြင့်ပါဝင်လေ့ရှိတဲ့ လုပ်ဆောင်ချက်တွေလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Redmi Watch ဟာ 1.4-inch color display နဲ့ဖြစ်ပြီး 320 x 320 pixel resolution နဲ့ 2.5D glass ဖြစ်ပါတယ်။ အရောင်အားဖြင့် အဖြူ၊ အနက်၊ နက်ပြာရောင် စတာတွေကို ရွေးချယ်နိုင်ပြီး၊ နာရီနဲ့လိုက်ဖက်မယ့် ဆီလီကွန်လက်ပတ်ကြိုးတွေကိုလည်း ပန်းရောင်၊ အစိမ်းရောင် စသဖြင့် ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ Mi Fit app ကို အသုံးပြုပြီး Watch face ပေါင်း ၁၂၀ ကျော်ကိုလည်း စိတ်ကြိုက်ပြုပြင်သုံးစွဲနိုင်ပါလိမ့်မယ်။

Redmi Watch ကို Bluetooth 5.0 BLE နဲ့တွဲဖက်ပြီးအသုံးပြုနိုင်သလို၊ NFC ထောက်ပံ့မှုလည်း ပါဝင်ပါတယ်။ မီတာ ၅၀ အနက်အထိ ရေစိုခံပြီး အလေးချိန်ကတော့ ၃၅ ဂရမ်ပဲ ရှိတာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းကတော့ သာမန်အသုံးပြုရင် ၇ ရက်ကြာသုံးနိုင်ပြီး၊ စွမ်းအင်ချွေတာတဲ့စနစ်နဲ့ဆိုရင်တော့ ၁၂ ရက်ကြာ သုံးစွဲနိုင်မယ်လို့ ဆိုပါတယ်။ ရာနှုန်းပြည့်အားသွင်းချိန်ကတော့ ၂ နာရီကြာမြင့်ပါလိမ့်မယ်။

Redmi Watch ကို $45 (၆ သောင်းဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပါတယ်။ တရုတ်ဈေးကွက်ထဲမှာတော့ သတ်မှတ်ထားတဲ့အချိန်အတွင်း $40 (၅ သောင်း ၃ ထောင်ဝန်းကျင်) နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ စတင်ရောင်းချမယ့်ရက်ကတော့ ဒီဇင်ဘာလ ၁ ရက်နေ့ဖြစ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကို ဘယ်အချိန်ပို့ဆောင်မလဲဆိုတာမသိရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်မှာ Xiaomi Mi Watch Lite အနေနဲ့ ထွက်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena