Xiaomi ဟာ အခုအချိန်မှာ Mi Series Laptop တွေအပြင် RedmiBook နာမည်နဲ့လည်း စျေးပိုသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Laptop တွေကို မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် RedmiBook Laptop အသစ်တစ်လုံးက Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါ Laptop ကိုတော့ RedmiBook Pro 14S လို့ နာမည်ပေးထားပြီး နာမည်အရတော့ 14″ Laptop တစ်လုံးဖြစ်မယ်လို့ ယူဆရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ RedmiBook Pro 14S Laptop ဟာ လက်ရှိအချိန်မှာ တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးတဲ့ Ryzen 5700U Processor ကို အသုံးပြုထားတာဖြစ်ပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ RedmiBook 14 နဲ့ RedmiBook 16 လိုမျိုး Laptop တွေမှာ AMD Ryzen 4000 Series Processor တွေကို စတင်အသုံးပြုထားပြီးတော့ Price-to-Performance ပိုင်းမှာ အကောင်းဆုံး Laptop တွေလို့ ပြောနိုင်ခဲ့ပါတယ်။ အခု AMD Ryzen 5700U ဟာလည်း Geekbench အရတော့ လက်ရှိ 11th Gen Intel i7 Processor တွေထက်တောင် ပိုကောင်းနေတဲ့အတွက် RedmiBook Pro 14S Laptop ဟာလည်း စျေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်မှာကတော့ သေချာနေပါပြီ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ AMD အနေနဲ့ Desktop အတွက် Ryzen 5000 Series Processor တွေကိုပဲ မိတ်ဆက်ထားပြီးတော့ Laptop အတွက် Ryzen 5000 Series Processor တွေကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ယခု Ryzen 5700U ဟာ ယခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Ryzen 4700U ထက် ၂၈ ရာခိုင်နှုန်းလောက်ပိုကောင်းနေတဲ့အတွက် Laptop ဝယ်ဖို့ စိတ်ကူးနေတယ်ဆိုရင် စောင့်ကြည့်သင့်တယ်လို့ ပြောရမှာပါ။

Ref – Gizmo China