Amazon ဟာ AI လောကမှာ နောက်ကောက်ကျမကျန်ရစ်စေဖို့ လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ AI ကို အဓိကထားတဲ့ ဖုန်းအသစ်တစ်လုံး ဖန်တီးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ “Transformer” လို့ လျှို့ဝှက်ကုဒ်နာမည် ပေးထားတဲ့ အဲဒီပရောဂျက်ကို Microsoft အမှုဆောင်ဟောင်း J Allard ဦးဆောင်တဲ့ ZeroOne ဆိုတဲ့ ဌာနခွဲအသစ်က တာဝန်ယူပြီး အသက်သွင်းနေတာ ဖြစ်ပါတယ်။

Report: Amazon's much smarter, human-like and AI-powered Alexa upgrade  nears its launch - Neowin

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အဲဒီဖုန်းဟာ သာမန်စမတ်ဖုန်းတွေလို မဟုတ်ဘဲ ဖုန်းစခရင်ကို အချိန်ပြည့် ကြည့်နေတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပေးမယ့် “anti-smartphone” ပုံစံမျိုးနဲ့ ထွက်ပေါ်လာနိုင်တာပါပဲ။ ဖုန်းထဲမှာ အဆင့်မြှင့်တင်ထားတဲ့ Alexa ကို အဓိက အသုံးပြုသွားမှာဖြစ်ပြီး Amazon ကနေ ပစ္စည်းမှာတာ၊ သီချင်းနဲ့ ဗီဒီယိုတွေ ဖွင့်တာကအစ အစားအသောက်မှာတာတွေအထိ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မှာပါ။ အဲဒီဖုန်းဟာ ကိုယ်ပိုင် OS ကို မသုံးဘဲ Android စနစ်နဲ့ အသက်ဝင်လာနိုင်တယ်လို့လည်း အတွင်းသတင်းတွေက ဆိုပါတယ်။

လောလောဆယ်မှာတော့ Amazon ဘက်က ဒီပရောဂျက်နဲ့ ပတ်သက်ပြီး တရားဝင် နှုတ်ဆိတ်နေဆဲပါ။ ကုမ္ပဏီရဲ့ မဟာဗျူဟာတွေ ပြောင်းလဲသွားတာ ဒါမှမဟုတ် စီးပွားရေးအရ တွက်ခြေမကိုက်တာမျိုး ဖြစ်လာရင် အဲဒီဖုန်းဟာ အချိန်မရွေး ဖျက်သိမ်းခံရနိုင်တယ်လို့ အတွင်းလူတွေက သတိပေးထားပါတယ်။ အရင်တုန်းက ထွက်ရှိခဲ့တဲ့ Amazon Fire ဖုန်း အပါအဝင် တခြား AI စက်ပစ္စည်းတွေ ကျရှုံးခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိနေတာကြောင့် အခုဖုန်းအသစ် အောင်မြင်မှုရဖို့ဆိုတာ Amazon အတွက်တော့ အခက်အခဲ စိန်ခေါ်မှုကြီး တစ်ခုဖြစ်နေဆဲပါပဲ။

Ref : gsmarena