ဒီနေ့ခေတ်မှာ စက်ရုပ်တွေကို နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ အခု စက်ရုပ် အသစ်က ဂီတလောကကို အသွင်ပြောင်းပေးနိုင်လာပါတယ်။ စက်ရုပ်ဟာ ကမ္ဘာ့ ပထမဆုံး အနေနဲ့ တယော ထိုးပြခဲ့ပါတယ်။
3D Printing နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ စက်ရုပ် လက်တံတွေဟာ ဆွီဒင်မှာ တေးဂီတဝိုင်းနဲ့အတူ တီးခတ်ဖျော်ဖြေခဲ့ပါတယ်။
သုတေသနပညာရှင်နဲ့ သီချင်းရေးသူ Fredrik Gran က တီထွင်ထားတဲ့ စက်ရုပ်ဟာ တယောထိုးဖို့ AI Tools တွေကို မမှီခိုထားဘဲ သီချင်းရေးဆရာ Jacob Muhlrad ရဲ့ စက်ရုပ်အတွက် အထူးရေးသားထားတဲ့ Musical Score နဲ့ ပရိုဂရမ် ရေးဆွဲထားတာ ဖြစ်ပါတယ်။
Muhlrad က “ စက်ရုပ်နဲ့ လူသား တေးဂီတဝိုင်း ပေါင်းစပ်ဖျော်ဖြေတဲ့ တေးဂီတပွဲ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ပါတယ်။ အလိုအလျှောက် တီးနိုင်တဲ့ စန္ဒယားတွေ ထွက်ပေါ်နေပြီ ဖြစ်ပေမယ့် တယော ထိုးနိုင်တဲ့ စက်ရုပ်က ဒါ ပထမဆုံး ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
အနာဂတ်မှာ ထူးခြားဆန်းသစ်ပြီး ဖျော်ဖြေမှု ပေးနိုင်တဲ့ စက်ရုပ် အနုပညာရှင်များစွာ ထွက်ပေါ်လာနိုင်ပါတယ်။ အဲဒီအတွက် စက်ရုပ် နည်းပညာဟာ အနုပညာလောကမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်။