ရုရှားကတော့ ကမ္ဘာကြီးနဲ့ပိုပြီး အဆက်အဆံကျဲမယ့်လမ်းကို တစ်ရွေ့ရွေ့သွားနေပါပြီ။ အခုလည်း အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ကို ၂၀၂၄ မှာ နုတ်ထွက်ပြီး ကိုယ်ပိုင်ပတ်လမ်းအတွက် စခန်းတည်ဆောက်ရေးမှာ အာရုံစိုက်တော့မယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီကြေညာချက်ကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ကြားက ဆယ်စုနှစ်နှစ်ခုကြာ ပတ်လမ်းကြောင်းဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကလည်း အဆုံးသတ်ကို ချဉ်းကပ်လာခဲ့ပြီဆိုတာကို ပြသနေပါတယ်။ အသစ်ခန့်အပ်ခံရတဲ့ အာကသအေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ Yuri Borisov က ဒီကိစ္စအကြောင်း ဗလာဒီမာပူတင်ဆီ သတင်းပို့ပြီးပြီလို့ ဆိုပါတယ်။

“၂၀၂၄ ခုနှစ် နောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာအာကာသစခန်းကို စွန့်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း” Borisvo က ပြောတဲ့အခါ ပူတင်က “ကောင်းတယ်” လို့ တုံ့ပြန်ခဲ့ကြောင်း ပြောပါတယ်။ ဒီကိစ္စက အံ့သြစရာတော့ မဟုတ်ပါဘူး။ Roscosmos ရဲ့ အရင်ခေါင်းဆောင် Dmitry Rogozin ကလည်း အလားတူကြေညာချက်ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

အထူးသဖြင့် ရုရှားရဲ့ Space industry မှာပါဝင်တဲ့လုပ်ငန်းတွေကို US, EU နဲ့ Canada တို့က ပိတ်ဆို့အရေးယူမှုတွေ ပိုများလာတာကြောင့် ဒီလိုမိတ်ဖက်ဆက်ဆံရေးကို အဆုံးသတ်မယ်လို့ ရုရှားကခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ရုရှားရဲ့ တစ်ရွာလုံးနဲ့တစ်ယောက်ဇာတ်လမ်းက အာကာသစခန်းအထိပါ ရောက်ရှိသွားတယ်လို့ ဆိုနိုင်ပါတယ်။

ISS ကို ၁၉၉၈ မှာ စတင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကစပြီး အဆိုပါနေရာမှာ အနောက်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံက အာကာသယာဉ်မှူးတွေကို နေထိုင်ခွင့်ပြုခဲ့ပါတယ်။ ဒီ စခန်းဟာ အာကာသစူပါပါဝါနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်တို့ကြား စစ်အေးလွန်ပူးပေါင်းဆောင်ရွက်မှုရဲ့ သင်္ကေတတစ်ခုအနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Ref: Gizchina