Samsung ဟာ ယခုနှစ်အစောပိုင်းမှာ Galaxy S21 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်မှာ S21 Ultra ဖုန်းမှာ S Pen Support ပါ ပါဝင်လာပြီး Camera ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားတာဖြစ်တဲ့အတွက် ယခင် Galaxy S Series ဖုန်းတွေနဲ့ ယှဥ်ရင် ပြောင်းလဲမှုအတော်များများရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Samsung Galaxy S21 Series ဖုန်းတွေဟာ ရောင်းအားမကောင်းခဲ့ဘဲ ယခင် Galaxy S10 နဲ့ S20 Series ဖုန်းတွေထက်တောင် ရောင်းအားနည်းနေသေးတယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ Korean သတင်းဌာနတစ်ခုဖြစ်တဲ့ Kiwoom Securities ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ကတော့ Samsung Galaxy S21 Series ဖုန်းတွေဟာ စတင်ရောင်းချပြီး ၆ လအတွင်းမှာ အလုံးရေ ၁၃.၅ သန်းပဲ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါက Samsung Galaxy S20 Series ဖုန်းတွေထက် ၂၀ ရာခိုင်နှုန်းပိုလျော့နည်းတာဖြစ်သလို Galaxy S10 Series ထက်လည်း ၄၇ ရာခိုင်နှုန်းလျော့နည်းနေတာဖြစ်ပါတယ်။

Samsung ဟာ Galaxy S21 Series ဖုန်းတွေကို တောင်ကိုရီးယားနိုင်ငံမှာ ပထမလအတွင်း အလုံးရေ ၅၉၀,၀၀၀ ခန့်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ Global စျေးကွက်အတွက်ကတော့ ပထမလအတွင်းမှာ အလုံးရေ ၁ သန်းကျော်ရောင်းချခဲ့ရပြီး အလုံးရေ ၁၀ သန်းကျော် ရောင်းချရဖို့အတွက်ကတော့ အချိန် ၅ လခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Samsung ဟာ လာမယ့် Galaxy S22 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Exynos 2200 Chipset ကြောင့် ရောင်းအားပြန်တက်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ အဆိုပါ Exynos 2200 Chipset ဟာ Samsung အတွက် ပထမဆုံးအနေနဲ့ AMD RNDA2 GPU ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် ယခင်ထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီးကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena