Huawei ကို အမေရိကန်က ပိတ်ပင်ခြင်းရဲ့နောက်ဆက်တွဲအဖြစ် TSMC က တရုတ်နည်းပညာကုမ္ပဏီကြီးအတွက် Chip ထုတ်လုပ်ပေးမှုကို ရပ်တန့်လိုက်ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို ဆက်ပြီးထိန်းထားနိုင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ရှာဖွေနေရပါတယ်။


အခုထွက်ပေါ်လာတဲ့သတင်းအရ တောင်ကိုရီးယားနည်းပညာကုမ္ပဏီဖြစ်တဲ့ Samsung ဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Huawei ကို ကူညီနိုင်ဖွယ်ရှိတယ်ဆိုတာပါပဲ။ Huawei ဟာ ဆက်သွယ်ရေးကုမ္ပဏီအဖြစ် စတင်ခဲ့ပြီးမှ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဒုတိယနေရာကနေ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။

Huawei ဟာ ဒီနှစ်အကုန်မှာ ပထမနေရာက Samsung ကို ကျော်တက်ပြီး စမတ်ဖုန်းဈေးကွက်ဝေစုကို အများဆုံး ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အမေရိကန်ရဲ့ထိုးနှက်မှုကြောင့် ထင်သလိုမဖြစ်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း တရုတ်ကုမ္ပဏီဟာ တယ်လီကွန်းစီးပွားရေးဘက်မှာ ထင်သလောက်ထိခိုက်မှုမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

Huawei ဟာ 5G အခြေစိုက်စခန်းပေါင်း ၆ သိန်းကို TSMC က ထုတ်လုပ်တဲ့ HiSilicon Chipset တွေပို့ဆောင်ပေးဖို့ ရှိနေပါသေးတယ်။ အခုတော့ ဒီ 5G အခြေစိုက်စခန်းတွေအတွက် Chip တွေထုတ်လုပ်ဖို့ Samsung နဲ့ဆွေးနွေးနေတယ်လို့ သတင်းထွက်လာတာပါ။


Samsung ဟာ 7nm chipset တွေထုတ်လုပ်ဖို့အတွက် Dutch ကုမ္ပဏီ ASL ရဲ့ Extreme Ultra-Violet (EUV) lithography စက်တွေကို အသုံးပြုပြီး စမ်းသပ်ဖို့အတွက်တော့ ဂျပန်ကစက်တွေကို အသုံးပြုတာဖြစ်တဲ့အတွက် Huawei အတွက် အလုပ်လုပ်ပေးနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် Huawei အနေနဲ့ ကြီးမားတဲ့ပေးဆပ်မှုတစ်ခုကိုတော့ ပြုလုပ်ရမှာပါ။

အဲဒါက အပြန်အလှန်အားဖြင့် Huawei ဟာ စမတ်ဖုန်းဈေးကွက်ဝေစုအချို့ကို Samsung အတွက် လက်လွှတ်ပေးရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ပါ။ စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုဟာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ အသက်သွေးကြောဌာနခွဲလို့ဆိုနိုင်သလို၊ Huawei အနေနဲ့လည်း တယ်လီကွန်စီးပွားရေးက မူလအခြေခံလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီသဘောတူညီမှုဟာ အမှန်တကယ် ဖြစ်မလာနိုင်ဘူးလို့လည်း ယတိပြတ် ပြောလို့မရသေးပါဘူး။

Ref: Gizmochina