Samsung ကနေ အခုနောက်ပိုင်းမှာ Mid Range ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်လာပြီးတော့ အခုလည်း စျေးနှုန်းသက်သာတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy A21s ဖုန်းကို မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။ အဆိုပါ Galaxy A21s ဖုန်းအကြောင်းကို ယခင်တုန်းက သတင်းတွေအများအပြားထွက်ရှိခဲ့ခြင်းမရှိပေမယ့်အခုအချိန်မှာတော့ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပါပြီ။

ယခုသတင်းတွေအရ Samsung Galaxy A21s စမတ်ဖုန်းဟာ ထူးခြားနေပြီး Samsung ရဲ့ Exynos 850 Processor အသစ်ကို အသုံးပြုလာမယ့်ပုံစံပါပဲ။ Samsung ဟာ အဆိုပါ Exynos 850 Processor ကို တရားဝင်မိတ်ဆက်ရခြင်းမရှိသေးပေမယ့် ကြည့်ရတာ Mid Range Performance ဝန်းကျင်ရှိမယ့် Processor တစ်ခုလို့ ယူဆရပါတယ်။ အခု Geekbench အရတော့ Samsung Galaxy A21s စမတ်ဖုန်းဟာ RAM 3GB ပါဝင်မှာဖြစ်ပြီး Android 10 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Performance ပိုင်းမှာတော့ Galaxy A21s ဖုန်းဟာ Single Core Score ကို 183 Marks ပဲရရှိထားသလို Multi-core Score မှာလည်း 1074 Marks ပဲရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ အရမ်းကြီးကောင်းမွန်တဲ့အထဲမှာမပါဘူးလို့ ပြောရမှာပါ။

SamMobile ရဲ့ ယခင်တုန်းက ထွက်ရှိခဲ့ဖူးတဲ့သတင်းတွေအရတော့ Samsung Galaxy A21s ဖုန်းဟာ 32GB အပြင် 64GB Version ပါထွက်ရှိလာမှာဖြစ်ပြီး အရောင်တွေအနေနဲ့ Black ၊ Blue ၊ White နဲ့ Red ဆိုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Geekbench ပေါ်ရောက်ရှိလာတဲ့အတွက် မကြာခင်မှာတရားဝင်မိတ်ဆက်လာဖို့များနေပါတယ်။

Ref – GSM Arena