Samsung ဟာ Galaxy M52 5G ကို အိန္ဒိယဈေးကွက်အပြင် အခြားနိုင်ငံဈေးကွက်တွေမှာလည်း စတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အဓိကအစိတ်အပိုင်းတွေအကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ စတုတ္ထပတ်အစောပိုင်းကတည်းက ထွက်ပေါ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အခုတစ်ခါထွက်ပေါ်လာတာကတော့ ဟန်းဆက်ရဲ့ မျက်နှာပြင်ကိုအသေးစိတ်မြင်တွေနိုင်တဲ့ Render ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ 360-degree renders မဟုတ်တာကလွဲရင် အခုမြင်တွေ့ရတဲ့ Render တွေအရ Galaxy M52 5G ရဲ့ မျက်နှာပြင်နဲ့ ကိုယ်ထည်ပိုင်းဟာ အတော်လေးကြည့်လို့ကောင်းတဲ့ပုံစံ ရှိပါတယ်။

ထွက်ပေါ်ထားတဲ့သတင်းအရ Galaxy M52 5G မှာ 6.7-inch Super AMOLED မျက်နှာပြင် ထောက်ပံ့ထားပြီး 1080 x 2400px resolution ဖြစ်ပါတယ်။ Refresh rate က 120Hz ဖြစ်ပြီး မျက်နှာပြင်ရဲ့ အထက်ပိုင်းအလယ်တည့်တည့်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ပေးထားတာ တွေ့မြင်နိုင်ပါတယ်။

နောက်ထပ်အတည်ပြုနိုင်တာက ကျောဘက်မှာ ကင်မရာသုံးလုံးကိုပဲ တပ်ဆင်ထားတာပါ။ ကနဦးထွက်ပေါ်ခဲ့တဲ့ ရုပ်ပုံအချို့မှာ ကျောဘက်ကင်မရာ လေးလုံးအဖြစ်ဖော်ပြထားကြပေမဲ့ အခုတော့ ကျောဘက်ကင်မရာ သုံးလုံးကိုပဲ ရှင်းလင်းပြတ်သားစွာနဲ့ တွေ့မြင်ကြရတာ ဖြစ်ပါတယ်။

Renders ကတစ်ဆင့် မြင်တွေ့ရတဲ့ကျောပြင်ဒီဇိုင်းကတော့ ထောင်လိုက်အစင်းကြောင်းတွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ဒီပုံစံကိုကြည့်ပြီး ခန့်မှန်းရတာကတော့ Samsung ဟာ Galaxy M52 5G ရဲ့ကိုယ်ထည်ကို ပလတ်စတစ်ပဲအသုံးပြုဖို့ ရွေးချယ်ခဲ့တယ်ဆိုတာပါပဲ။

ကျောဘက်မှာ 64MP အဓိကကင်မရာ၊ 12MP Ultrawide နဲ့ 5MP depth တို့ ပါဝင်မယ်လို့ သိရပြီး Selfie ကင်မရာကတော့ 32MP လို့ သိရပါတယ်။ Snapdragon 778G chipset ကိုအသုံးပြုထားပြီး 6/8GB of RAM, 128GB storage တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: GSM Arena