အခုလ အစောပိုင်းမှာ Samsung Galaxy S20 Fan Edition ကို ပထမဆုံး မြင်တွေ့ခဲ့ရပြီး မကြာသေးခင်ကလည်း ဒီဖုန်းကို ပတ်ပတ်လည် ပုံဖော်ထားတဲ့ CAD Render ဒီဇိုင်းပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။ အခုတော့ ပိုပြီး ရှင်းလင်းတဲ့ အရောင်ကွဲ ခြောက်မျိုးနဲ့ Galaxy S20 Fan Edition စမတ်ဖုန်းပုံတွေကို Leakster တစ်ဦးက ထုတ်ဖော်လာခဲ့ပါပြီ။

ယနေ့ထွက်လာတဲ့ Render ပုံတွေဟာ ရှေ့ရက်က ထွက်ခဲ့တဲ့ ပုံနဲ့လည်း ကိုက်ညီနေပါတယ်။ S20 Fan Edition ကို Punch-hole Display နဲ့တွေ့ရပြီး 120Hz Refresh Rate ပါဝင်ကာ 6.4 – 6.5” အရွယ် ရှိမယ်လို့ ဆိုပါတယ်။ နောက်ဘက်မှာ Triple-camera ကို ဒေါင်လိုက်ပဲ စီတန်းထားတာ တွေ့ရပြီး 12MP Main + 12MP Ultrawide + 8MP Telephoto Sensor တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Galaxy S20 Fan Edition ရဲ့ ညာဘက်မှာ Power Button နဲ့ Volume ခလုတ်တွေ တပ်ဆင်ထားပြီး အောက်မှာ USB-C Port ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ အတွင်းမှာ Snapdragon 865 ချစ်ပ်ဆက် အသုံးပြုလာမယ်လို့ သတင်းထွက်ထားပေမယ့် Geekbench မှာတော့ Exynos 990 ချစ်ပ်ဆက်နဲ့ တွေ့ထားရတယ်။ စျေးကွက်အလိုက် ကွဲပြားတဲ့ ချစ်ပ်ဆက် အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။

အခြား သတင်းတွေမှာတော့ S20 Fan Edition ဟာ IP68 ခံနိုင်ရည်အား ရှိပြီး 4,500 mAh ဘက္ထရီ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို အောက်တိုဘာလောက်မှာ စတင် ရောင်းချမှာဖြစ်ပြီး 4G, 5G နှစ်မျိုးလုံး ထွက်လာနိုင်ပါတယ်။ စျေးနှုန်းကတော့ ကိုရီးယားဝမ် ကိုးသိန်း (မြန်မာငွေ ဆယ်သိန်း) ဝန်းကျင်ကနေ စတင်မှာပါ။

Ref – GSMArena