Samsung ကနေ အခုအချိန်မှာ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy S20 Series ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်သလို စျေးကွက်အတွင်းမှာလည်း ရောင်းချနေပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိရရှိထားတဲ့ Report တွေအရ Samsung Galaxy S20 Series ဖုန်းတွေဟာ ထင်ထားသလောက်ရောင်းအားကောင်းမယ့်ပုံစံမပေါ်ပါဘူး။

ဘာကြောင့်လဲဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Samsung ရဲ့ စီးပွားရေးလုပ်ငန်းအချို့နဲ့ ရောင်းအားတွေထိခိုက်ခဲ့သလို မိတ်ဆက်ပြီး တူညီတဲ့အချိန်အတွင်းမှာလည်း မနှစ်တုန်းက Galaxy S10 Series လောက် ရောင်းအားမကောင်းတာကြောင့် ဖြစ်ပါတယ်။ နောက်ထပ် Report တစ်ခုအရလည်း Samsung ကိုယ်တိုင် S20 ဖုန်းတွေရဲ့ အစိတ်အပိုင်းမှာယူမှုတွေကို တချို့တဝက်ဖြတ်တောက်မှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် Samsung ဟာ စစခြင်းရောင်းချတဲ့ ပထမဆုံး ၃ လအတွင်းရောင်းအားတွေကို ကြည့်ပြီးနောက်ထပ်စျေးကွက်ဗျူဟာကို ပြောင်းလဲတာဖြစ်ပါတယ်။ မနှစ်တုန်းက Galaxy S10 Series ဖုန်းတွေဆိုရင် ပထမဆုံး ၃ လပတ်မှာ ရောင်းအားကောင်းမွန်တဲ့အတွက် နောက်ပိုင်းမှာ ရောင်းအားကိုတဖြည်းဖြည်းလျော့ချလာတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Samsung ကနေ နောက်ပိုင်းမှာ Galaxy S20 Series ဖုန်းတွေရဲ့ ရောင်းအားကို ပိုပြီးမြင့်မားအောင် ကြော်ငြာလာနိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S20 Series ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Galaxy S20 Ultra ဖုန်းဟာ Pre-order ပြုလုပ်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းအထက်ကို ရရှိခဲ့ပြီးတော့ Samsung အနေနဲ့လည်း Galaxy S20 Ultra အတွက် Camera Module တွေကို ပုံမှန်ထက်ပိုပြီး မှာယူမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Galaxy S20 Ultra ဖုန်းကတော့ ရောင်းအားအကောင်းဆုံး S20 Series ဖုန်းဖြစ်လာနိုင်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ Galaxy S10 Series ဖုန်းတွေကို စုစုပေါင်းအလုံးရေ ၃၆ သန်းအထိ ရောင်းချနိုင်ပေမယ့်လည်း ဒီနှစ်မှာတော့ အဆိုပါ ပမာဏကိုပြည့်မှီဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုဖြစ်လာမှာပါ။

Ref – Gizmo China