Samsung Galaxy S23 Ultra ကို လက်ရှိအချိန်မှာ Pre-order တင်လို့ရနေပါပြီ။ အသုံးပြုသူတွေရဲ့ လက်ထဲကိုမရောက်သေးပေမဲ့ သုံးသပ်သူတွေရဲ့ လက်ထဲတော့ရောက်နှင့်ပြီးဖြစ်သလို၊ ကြိုတင်စမ်းသပ်မှုတွေလည်း ပြုလုပ်ပြီး ဖြစ်ပါတယ်။ ဒါဖြင့်ရင် Galaxy S23 Ultra ရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ တီးမိခေါက်မိ ရှိပြီး ဖြစ်ကြပါလိမ့်မယ်။

Samsung Galaxy S23 Ultra ရဲ့ Review တွေကတော့ အမျိုးမျိုး ရှိပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာကတော့ Galaxy S23 Ultra ကို iPhone 14 Pro ဒါမှမဟုတ် Pro Max နဲ့ နှိုင်းယှဉ်မှုရလဒ်အချို့ပါပဲ။ ဟုတ်ပါတယ်။ Benchmark ရမှတ် နှိုင်းယှဉ်မှုပါ။

Galaxy S23 Ultra ကို Snapdragon 8 Gen 2 နဲ့ မိတ်မဆက်ခင်ကတည်းက Apple ရဲ့ A16 Bionic chip ဟာ Speed မှာ ဦးဆောင်နေတဲ့ Mobile chip ဖြစ်ခဲ့ပါတယ်။ အခု S23 Ultra ကို ဖြန့်ချိလိုက်ချိန်မှာလည်း Apple က ဦးဆောင်နေဆဲပါပဲ။ ဟုတ်ပါတယ်။ Samsung ရဲ့ အထူး Snapdragon chip တွေက A16 ကို ကန်ထုတ်တော့မယ်လို့ ထင်ထားခဲ့ကြပေမဲ့ Benchmark ရမှတ်တွေအရတော့ စိတ်မကောင်းစရာပါပဲ။

CompareDial က ကိုးကားခဲ့တဲ့ Geekbench ရမှတ်အသစ်အရ Samsung Galaxy S23 ဟာ Single-core ရမှတ် 1480 ရရှိပြီး Bionic A16 chip သုံးထားတဲ့ Apple ရဲ့ iPhone 14 Pro ကတော့ Single-core ရမှတ် 1874 မှတ် ရရှိထားတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းကွာခြားချက်အရပြောမယ်ဆိုရင် iPhone 14 Pro က ရမှတ် 21.02% ပိုမြင့်မားပါတယ်။

Multi-core ရမှတ်မှာတော့ ရာခိုင်နှုန်းအားဖြင့်ကွာခြားမှုက သိပ်ပြီးမကြီးမားပါဘူး။ Samsung Galxy S23 Ultra ဟာ ရမှတ် 4584 မှတ် ရခဲ့ပြီး iPhone 14 Pro ကတော့ 5384 မှတ် ရရှိခဲ့ပါတယ်။ iPhone 14 Pro က 14.86% ပိုပြီးမြန်နေတာလည်း ဖြစ်ပါတယ်။

Ref: Gizchina