Samsung ဟာ Galaxy Watch Active2 စမတ်နာရီအတွက် Software Update ၁ ခုကို ဖြန့်ချိပေးလိုက်ပြီး Security Patch နဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေထဲက အလန်းဆုံးက Voice Support ဖြစ်ပြီး အရင်ကတော့ Galaxy Watch3 မှာပဲ ထည့်သွင်းပေးထားတာပါ။
Firmware ရဲ့ မော်ဒယ်နံပါတ်က R820UXXU1CTJ5/R820OXA1CTJ5 ဖြစ်ပြီး အရွယ်အစားက 61MB လောက် ရှိပါတယ်။
Voice Support က လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ အရမ်းကို အသုံးဝင်ပါတယ်။ သင့် နှလုံးခုန်နှုန်းနဲ့ တခြား ဒေတာတွေကို အခြေခံတွက်ချက်ကာ ပြေးနေချိန်နဲ့ ရေကူးနေချိန်တွေမှာ အားပိုစိုက်ရမလား၊ အားလျှော့ရမလားဆိုတာ အသံနဲ့ ပြောပြပေးပါတယ်။ သဘောကတော့ အားကစား လေ့ကျင့်နေချိန်မှာ သိပ်မပင်ပန်းတော့ဘဲ ရည်မှန်းချက် ပန်းတိုင် ရောက်ရှိစေမှာ ဖြစ်ပါတယ်။
Update မှာ Bluetooth ဆက်သွယ်မှု မတည်ငြိမ်တာနဲ့ အသေးစား Bugs တွေကို ပြင်ဆင်ပေးထားသလို လုပ်ဆောင်ချက် တချို့အတွက် စွမ်းဆောင်ရည် ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ လက်ရှိမှာ Update ကို တောင်ကိုရီးယားမှာ ဖြန့်ချိပေးထားပြီး မကြာခင် တခြားနိုင်ငံတွေမှာ ရရှိနိုင်ပါတယ်။
စမတ်နာရီ ၊ စမတ်လက်ပတ်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ ကိရိယာတွေ ဖြစ်လာပါတယ်။ အခုလို ကိုဗစ် ကာလမှာ အရေးကြီးတဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးတဲ့ SpO2 Sensor တွေကိုပါ နောက်ပိုင်းထုတ် စမတ်နာရီ၊ စမတ်လက်ပတ်တွေမှာ ထည့်သွင်းပေးလာတာက အရမ်း ကောင်းပါတယ်။
Ref : gsmarena