Samsung Galaxy Z Fold5 ရဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်ပေါ်ခဲ့ပြီး အခုတစ်ခါတော့ Galaxy Z Flip5 ရဲ့ အလှည့် ဖြစ်ပါတယ်။ အရင်ကလည်း Galaxy Z Flip5 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။
အခု ဓါတ်ပုံအသစ်တွေမှာ လေးထောင့်ပုံသဏ္ဍာန် အပြင်ဘက် မျက်နှာပြင်ကို မြင်ရပြီး ဘေးဘက်ဖရိမ်တွေက ပြားချပ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က မြင်ခဲ့ရတဲ့ ဓါတ်ပုံမှာ လက်ရှိ Flip4 နဲ့ တူညီတဲ့ ဖရိမ် ဒီဇိုင်း ပါလာပြီး အခု ဓါတ်ပုံအသစ်တွေမှာ လုံးဝပြားချပ်တဲ့ ဒီဇိုင်း ပါလာပါတယ်။ အပြင်ဘက်မျက်နှာပြင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကင်မရာတွေကို ဒေါင်လိုက်အစား အလျားလိုက် တပ်ဆင်ထားပါတယ်။
အခု Hinge ဒီဇိုင်း အသစ်သာ အမှန်တကယ်ပါလာမယ်ဆိုရင် ဖုန်းရဲ့ ခေါက်ချိုးရာဟာ မရှိသလောက်ကို သေးငယ်မှာ ဖြစ်ပါတယ်။ Hinge ဒီဇိုင်းကို ပြောင်းလဲထားပြီး ပိုမိုပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒါကြောင့် Samsung ဟာ ဒီတစ်ကြိမ်မှာ ပြားချပ်တဲ့ ဖရိမ်ကို အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။
အရင်ထွက်ပေါ်ခဲ့တဲ့သတင်းအရ Galaxy Z Flip5 ရဲ့ အပြင်ဘက် မျက်နှာပြင်ဟာ အရင်မျိုးဆက်တွေထက် ပိုကြီးလာမယ်လို့ Display Supply Chain Consultants ရဲ့ စီအီးအို Ross Young က ပြောထားပါတယ်။ သူက Galaxy Z Flip4 ရဲ့ 1.9” အပြင်ဘက်မျက်နှာပြင်ထက်ပိုကြီးတဲ့ 3.3” သို့မဟုတ် 3.4” အပြင်ဘက် မျက်နှာပြင်ကို Galaxy Z Flip5 မှာ ထည့်သွင်းထားမယ်လို့ ပြောထားပါတယ်။
Ref : gsmarena