Samsung ဟာ လာမယ့်ဇူလိုင်လအတွင်းမှာ Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့အချိန်နီးကပ်လာသလို အဆိုပါ Samsung Foldable ဖုန်းသစ်တွေရဲ့ သတင်းကလည်း ပိုမိုပေါက်ကြားလာခဲ့ပါတယ်။

အခုလည်း Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေဟာ တရုတ်နိုင်ငံ 3C Listing မှာ တွေ့ရှိခဲ့ရပြီး အချက်အလက်အချို့ကို ထပ်မံသိရှိခဲ့ရပါတယ်။ Galaxy Z Fold5 ဖုန်းဟာ Model Number SM-F9460 နဲ့ Z Flip5 က SM-F7310 လို့ အမည်ပေးထားသလို အဆိုပါ ဖုန်း ၂ မျိုးလုံးဟာ ယခင် EP-TA800 Charger နဲ့ပဲ တွဲဖက်ပေးထားတာဖြစ်ပါတယ်။

ဒါကြောင့် Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေဟာ အားသွင်းတဲ့အချိန်မှာ မနှစ်တုန်းကလိုမျိုးပဲ 25W Fast Charging ကိုပဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းဘူးထဲမှာ Charger ပါဝင်မှာမဟုတ်ဘဲ သီးသန့်ဝယ်ယူဖို့လိုအပ်မှာပါ။

လောလောဆယ်မှာ စျေးကွက်အတွင်းကို အသစ်မိတ်ဆက်ထားတဲ့ Foldable ဖုန်းတွေအများအပြားဟာ Fast Charging ပိုင်းမှာ 44W နဲ့အထက်ကို စတင်ထောက်ပံ့ပေးလာပြီဖြစ်ပါတယ်။ ဒါကြောင့် Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေဟာ ပြိုင်ဘက်တွေနဲ့ ယှဥ်ရင် နောက်ကောက်ကျနေပြီလို့တောင် ဆိုနိုင်ပါတယ်။

တခြားသောအချက်အလက်တွေအနေနဲ့ကတော့ Samsung Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 2 For Galaxy Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Galaxy Z Flip5 ဖုန်းမှာဆိုရင် ပိုမိုကြီးမားတဲ့ Cover Screen Display ကို ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Ref – GSM Arerna