Galaxy S22 စီးရီးကို မတူညီတဲ့ဈေးကွက်တွေအတွက် မတူညီတဲ့ Chipset တွေနဲ့ ထုတ်လုပ်ပြီး၊ မတူညီတဲ့ မော်ဒယ်နံပါတ်တွေလည်း သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Qualcomm နဲ့ Exynos chipset တွေကို ဈေးကွက်ပေါ်မူတည်ပြီး အသုံးပြုတာက အစဉ်အလာလို ဖြစ်နေပါပြီ။

ဒီလိုကွဲပြားခြားနားမှုတွေကို မော်ဒယ်နံပါတ်ရဲ့နောက်ဆုံးမှာ “U”, “B”, “N” စတဲ့အက္ခရာတွေနဲ့ တွေ့မြင်နိုင်ပြီး ဒါဟာ နိုင်ငံတကာ၊ US နဲ့ ကိုရီးယားဈေးကွက်တွေအတွက်ဖြစ်ကြောင်းလည်း သိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက Samsung ဟာ Galaxy S22 စီးရီးအတွက် “E” နဲ့အဆုံးသတ်ထားတဲ့ မော်ဒယ်နံပါတ်အသစ်တွေကို လုပ်ဆောင်နေတယ်ဆိုတာပါပဲ။

Samsung ဟာ ထွက်ရှိထားတဲ့ထုတ်ကုန်အတွက် ဒီသတ်မှတ်ချက်ကို အသုံးမပြုရသေးသလို မထုတ်ဝေရသေးတဲ့ Galaxy S21 FE ကို E-based မော်ဒယ်နံပါတ်နဲ့အတူ FCC မှာတွေ့ခဲ့ရတာကိုလည်း မမေ့သင့်ပါဘူး။ ဒါပေမဲ့ Galaxy Club ကတော့ Samsung ဟာ အိန္ဒိယအပါအဝင် အာဖရိကနဲ့ အာရှလိုဈေးကွက်တွေအတွက် SM-S901E, SM-S906E, SM-908E စတဲ့ မော်ဒယ်နံပါတ်နဲ့ မျိုးကွဲတွေ ထုတ်လုပ်နိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ခဲ့ပါတယ်။

အခုသတင်းထွက်လာတဲ့ မော်ဒယ်နံပါတ် သုံးခုနဲ့ Galaxy S22 မျိုးကွဲတွေမှာ ဘယ် Chipset ကို အသုံးပြုမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါပေမဲ့ Qualcomm ဖြစ်နိုင်တယ်လို့တော့ မျှော်လင့်ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ Semiconductor ပြတ်လပ်မှုနဲ့ ကြုံနေရချိန်ဖြစ်တာကြောင့် E-branded မော်ဒယ်တွေအတွက်အဖြေကိုခန့်မှန်းရတာမှာ ခက်ခဲနေတာတော့ အမှန်ပဲဖြစ်ပါတယ်။

Ref: Sammobile