Samsung ဟာ ယခုနှစ်အစောပိုင်းမှာ စမတ်ဖုန်းတွေနဲ့ Tablet အချင်းချင်း File Transfer ပြုလုပ်နိုင်ဖို့အတွက် Quick Share Feature ကို မိတ်ဆက်ထားခဲ့ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Samsung ကနေ အဆိုပါ Quick Share Feature ကို အဆင့်မြှင့်တင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ Quick Share Feature ဟာ Samsung Device အချင်းချင်း File တွေကို အမြန်အဆန်ပေးပို့နိုင်တယ်ဆိုပေမယ့် တဖက်မှာအားနည်းချက်အနေနဲ့ကတော့ Encrypted ပြုလုပ်ထားခြင်းမရှိတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ကနေ ပိုမိုလုံခြုံတဲ့ Private Share နာမည်နဲ့ Feature အသစ်ကို ဆောင်ရွက်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါ Private Share Feature ဟာ Blockchain နည်းပညာကို အသုံးပြုပြီးတော့ File Transfer ပြုလုပ်မှုကို ပိုပြီးလုံခြုံအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပေးပို့တဲ့သူဘက်ကနေ အချိန်သတ်မှတ်ပြီးတော့ သတ်မှတ်ချိန်ကျော်သွားတာနဲ့ Transfer ပြုလုပ်လိုက်တဲ့ File ကိုပါ လက်ခံသူဘက်မှာ ပျက်သွားအောင် ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Private Share နည်းပညာကို အသုံးပြုပြီး File Sharing ပြုလုပ်မယ်ဆိုရင် လက်ခံရရှိသူဘက်က တစ်ဆင့်ပြန်လည်မျှဝေတာ သို့မဟုတ် Screenshot ရိုက်ကူးတာတွေ ပြုလုပ်လို့မရအောင်လည်း ကန့်သတ်ထားနိုင်ဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ကတော့ အဆိုပါ Private Share Feature ဟာ လက်ရှိ Quick Share Feature နဲ့ အလုပ်လုပ်တဲ့ပုံစံဆင်တူမှာဖြစ်ပြီးတော့ ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်သွားမယ့် Galaxy S21 Series ဖုန်းတွေမှာ စတင်ပါဝင်လာနိုင်ပါတယ်။

Ref – XDA-Developers