Samsung က မကြေညာရသေးတဲ့ Galaxy S21 Series အတွက် တရုတ်မှာ အမှာစာတင်သွင်းခွင့် ပြုလိုက်ပါပြီ။ တရားဝင် ဝက်ဘ်ဆိုက်မှာ ကုမ္ပဏီက ယွမ် ၁၀၀ ကြိုတင်ပေးသွင်းထားကာ မှာယူထားနိုင်ပြီ ဖြစ်ပြီး ရောင်းဈေးထဲက ယွမ် ၁၀၀ ပြန်လျှော့ပေးမယ်လို့ ဖော်ပြထားပါတယ်။

Samsung ရဲ့ တရုတ် ဝက်ဘ်ဆိုက်မှာ Galaxy S21 Series လို့ နာမည်တပ် မပြောထားပေမယ့် ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံး စွမ်းရည်မြင့် စမတ်ဖုန်းတွေလို့ သုံးနှုန်းထားပါတယ်။ Landing Page မှာလည်း ၂၀၂၁ ခုနှစ်အတွက် Samsung ရဲ့ ပထမဆုံး စွမ်းရည်မြင့် 5G စမတ်ဖုန်းတွေလို့ ဖော်ပြထားပါတယ်။ တရုတ်မှာ Galaxy S21 Series ရဲ့ 5G Version တွေ ရောင်းမှာ သေချာသွားပါပြီ။

စိတ်ဝင်စားစရာကောင်းတာက ကြိုတင်ငွေ ယွမ် ၁၀၀ ပေးသွင်းထားပေမယ့် အဲဒီ စမတ်ဖုန်းကို မဝယ်ယူဖြစ်ခဲ့ရင် ကုမ္ပဏီက ပြန်အမ်းပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ယွမ် ၁၀၀ ပေးပြီး စာရင်းပေးသွင်းထားသူတွေထဲက ၂၁ ယောက်ကို ဖုန်း အခမဲ့ လက်ဆောင်ပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။

Samsung Galaxy S21 Series ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ကြေညာမယ်လို့ ထင်ရပြီး ကြေညာပြီးတာနဲ့ တကယ့် Pre Order စတင်နိုင်ပါတယ်။ တရုတ်ရဲ့ Pre Order စနစ်က တခြားနိုင်ငံတွေနဲ့ နည်းနည်း ကွဲပြားပြီး ကြိုတင်စာရင်းပေးသွင်းထာသူတွေဟာ ဖုန်း သတင်းတွေနဲ့ Pre Order စတင်မယ့် အချိန်ကို သိနိုင်ပါတယ်။

Ref : gsmarena