Samsung ကုမ္ပဏီဟာ ယခုနှစ်အစောပိုင်းမှာ Flagship S23 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ဝက်နောက်ပိုင်း သြဂုတ်လဝန်းကျင်မှာ Foldable ဖုန်းတွေကို မိတ်ဆက်နေကြဖြစ်တာကြောင့် ယခုနှစ်အတွက် Foldable ဖုန်းသစ်တွေဖြစ်လာမယ့် Galaxy Z Fold 5 နဲ့ Galaxy Z Flip 5 ဖုန်းတွေကို မကြာခင်မြင်တွေ့ရတော့မှာပါ။
အခုနောက်ဆုံးသိရှိရတဲ့သတင်းတစ်ခုအရ Samsung ဟာ ယခုနှစ်မှာ ပုံမှန်ထက် Foldable ဖုန်းတွေကို စောပြီး မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပုံမှန်ထက်စောပြီး မိတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တာက ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Google ရဲ့ Pixel Fold ဖုန်းအသစ် မိတ်ဆက်မယ့်အချိန်အပြင် Apple iPhone အသစ်တွေ မိတ်ဆက်မယ့်အချိန်နဲ့ တိုက်နေမှာကို ရှောင်လွှဲချင်တာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။
Samsung Galaxy Z Fold 5 နဲ့ Galaxy Z Flip 5 ဖုန်းတွေဟာ လာမယ့် ဇူလိုင်လအတွင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပြီး ပုံမှန်ထက် ၁ လဝန်းကျင်ခန့်စောပြီး မိတ်ဆက်မှာဖြစ်ပါတယ်။ ဒါ့အပြင် Display Industry Analyst တစ်ဦးဖြစ်တဲ့ Ross Young ရဲ့ ပြောကြားချက်အရ Samsung ဟာ Galaxy Z Flip 5 ဖုန်းတွေကို ယခင်နှစ်က Galaxy Z Flip 4 ထက် ၂ ဆဝန်းကျင် ပိုမိုထုတ်လုပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် Samsung ဟာ ယခုနှစ်မှာ Galaxy Z Flip 5 ဖုန်းကို အဓိကဦးစားပေးရောင်းချဖို့ စီစဥ်ထားတာဖြစ်ပြီး အပြင်ဘက် Cover Display ကိုလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Galaxy Z Fold 5 ဖုန်းဟာ မနှစ်တုန်းက Galaxy Z Fold 4 နဲ့ ဒီဇိုင်းပိုင်းမှာ အတော်များများဆင်တူနေဦးမှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Foldable ဖုန်းတွေဟာ စျေးကွက်အတွင်းမှာ အအောင်မြင်ဆုံး Foldable ဖုန်းတွေဖြစ်တာကြောင့် ယခုနှစ်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – Gizmo China