Samsung ဟာ အခုဆိုရင် Flagship စမတ်ဖုန်းတွေမှာ Qualcomm Snapdragon Chipset တွေအပြင် ကိုယ်ပိုင် Exynos Chipset ကိုပါ တွဲဖက်အသုံးပြုနေတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်ပိုင်းမှာ Exynos Chipset တွေဟာ Qualcomm Snapdragon Version နဲ့ စွမ်းဆောင်ရည်ပိုင်းကွာခြားတဲ့အတွက် ဝေဖန်မှုတွေကို အကြီးအကျယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ လာမယ့် Galaxy S21 Series စမတ်ဖုန်းတွေမှာ အသုံးပြုလာမယ့် Exynos 2100 Chipset ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ Samsung ရဲ့ ကြေညာချက်အရ Exynos 2100 Chipset ဟာ လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး Teaser Video ရဲ့ Title ကို “Exynos is back” ဆိုပြီး ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီအတွက် ဖြစ်နိုင်ခြေများနေတာက သတင်းတွေထွက်ရှိထားသလိုမျိုးပဲ 5nm Architecture ကို အခြေခံထားတဲ့ Exynos 2100 Chipset ဟာ Qualcomm Snapdragon 888 Chipset ထက်တောင် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်လာဖွယ်ရှိနေပါတယ်။ Exynos 2100 Chipset ဟာ ARM Cortex-X1 Prime Core ကို 2.91GHz Clock Speed နဲ့ မောင်းနှင်မှာဖြစ်သလို 2.81GHz Cortex-A78 Core ၃ လုံးနဲ့ Efficiency အတွက် 2.21GHz Cortex-A55 Core ၄ လုံးလည်း ထည့်သွင်းထားပါသေးတယ်။

Graphic ပိုင်းအနေနဲ့ကတော့ Mali-G78 GPU ကိုပဲ အသုံးပြုလာဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာတော့ AMD Radeon နဲ့ပူးပေါင်းပြီး RDNA Architecture ကို အခြေခံထားတဲ့ GPU တွေကို အသုံးပြုလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Exynos 2100 Chipset ဟာ Qualcomm Snapdragon 888 ကို တကယ်တမ်းမှာ ယှဥ်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena