Samsung ကနေ အခုအချိန်မှာ မနှစ်တုန်းက Galaxy Fold ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Galaxy Z Fold 2 ကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုသိရတဲ့သတင်းတွေအရတော့ Samsung ကနေ အဆိုပါ Galaxy Z Fold 2 ကို ယခုနှစ်မှာတင် အများအပြားရောင်းချသွားဖို့ စီစဥ်ထားပုံရပါတယ်။

ဘာကြောင့်လဲဆိုရင် Samsung ကနေ ယခုနှစ်အတွက် Galaxy Z Fold 2 အလုံးရေ ၈ သိန်းခန့် ထုတ်လုပ်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ Samsung နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းဖော်ပြနေတဲ့ SamMobile ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Samsung ကနေ Galaxy Z Fold 2 ဖုန်းတွေကို Brazil ၊ South Korea နဲ့ Vietnam မှာရှိတဲ့ Production Site တွေကနေ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ စုစုပေါင်း အလုံးရေ ၇ သိန်းကနေ ၈ သိန်းကြားအထိ ယခုနှစ်အတွင်းမှာ ထုတ်လုပ်ဖို့ခန့်မှန်းထားတာဖြစ်ပါတယ်။ အခုလိုမျိုး South Korea ပြင်ပမှာပါ ထုတ်လုပ်တာကလည်း ပြီးခဲ့တဲ့ Galaxy Fold ထက် သိသိသာသာကို ပိုမိုထုတ်လုပ်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

Analyst တွေရဲ့ ခန့်မှန်းချက်အရတော့ Samsung ကနေ ယခုနှစ်မှာ Foldable ဖုန်းအလုံးရေ ၃ သန်းအထိ ရောင်းချနိုင်မှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ အလုံးရေ ၈ သန်းအထိကို ရောင်းချဖို့ ခန့်မှန်းနေတာဖြစ်ပါတယ်။ ဒီလိုမျိုး ရောင်းအားကောင်းဖို့အတွက်လည်း စျေးပိုသက်သာတဲ့ Foldable ဖုန်းတွေကိုပါ မိတ်ဆက်လာဖို့ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Foldable စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ စမတ်ဖုန်းကုမ္ပဏီတွေအများအပြားရှိနေပြီဆိုပေမယ့်လည်း Samsung က အအောင်မြင်ဆုံးကုမ္ပဏီလို့ပြောရင်လည်း မမှားပါဘူး။

Ref – Gizmo China