စမတ်ဖုန်း ထုတ်လုပ်သူအတော်များများမှာ ကိုယ်ပိုင် Store တွေရှိကြပါတယ်။ ဒီ Store တွေကတစ်ဆင့် အသုံးပြုသူတွေဟာ App တွေ၊ Wallpaper တွေ၊ Theme တွေနဲ့ အခြားဝန်ဆောင်မှုတွေကို Download ဆွဲပြီး အလွယ်တကူအသုံးပြုနိုင်ကြတာ ဖြစ်ပါတယ်။

Samsung မှာလည်း အခြားအမှတ်တံဆိပ်တွေလိုပဲ ကိုယ်ပိုင် Store ရှိပါတယ်။ Galaxy Store ကို Samsung စမတ်ဖုန်းအသုံးပြုသူတိုင်းက သိရှိကြပါလိမ့်မယ်။ Galaxy Store ဟာ အခကြေးငွေပေးရတဲ့ Content တွေလည်း ရှိသလို၊ အခကြေးငွေပေးစရာမလိုတဲ့ Content တွေလည်း ရှိပါတယ်။ အခုတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Content နှစ်မျိုးမထားတော့ဘဲ တစ်မျိုးတည်းထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။

Samsung ဟာ သူ့ရဲ့ Galaxy Store က အခကြေးငွေပေးရတဲ့ Content တွေကို သတ်မှတ်နိုင်ငံအချို့မှာ ဖယ်ရှားတော့မှာဖြစ်ကြောင်း အသုံးပြုသူတွေဆီကို အသိပေးစာတွေပေးပို့နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခကြေးငွေပေးရတဲ့ Content တွေသာမကဘဲ၊ IAPs (in-app purchases) Content တွေကိုလည်း ဖယ်ရှားပစ်မယ်လို့ ဆိုပါတယ်။

ဒီပြောင်းလဲမှုကို စတင်ကြုံတွေ့ရမယ့်နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘဟားမား၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုဗာ၊ ပါကစ္စတန်နဲ့ ဥရုဂွေးတို့ ဖြစ်ကြပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ဘယ်လိုအကြောင်းပြချက်ရှိတယ်ဆိုတာ မသိရပေမယ့်၊ ဒီနိုင်ငံတွေမှာ ငွေပေးချေမှုပေါ်လစီတွေထက် Samsung ရဲ့ သဘောဆန္ဒကပဲ ပိုပြီးလွှမ်းမိုးနိုင်တယ်လို့ SamMobile ကယုံကြည်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒီပေါ်လစီအသစ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။

Ref: Gizmochina