စက်မှုလုပ်ငန်းနယ်ပယ်ရဲ့ ဝယ်လိုအားတွေမြင့်တက်လာတာနဲ့အမျှ Samsung ဟာ SMOS images sensors (CIS) ထုတ်လုပ်မှုတွေကို အရှိန်မြှင့်တင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ TheElec ကဖော်ပြတဲ့သတင်းအရ Samsung ဟာ ထုတ်လုပ်မှုကိုမြှင့်တင်ဖို့အတွက် သူ့ရဲ့ရောင်းချသူတွေဖြစ်တဲ့ Tesna နဲ့ LB semicon တွေပေါ်မှာ မှီခိုနေရတယ်လို့ သိရပါတယ်။

ကုမ္ပဏီနှစ်ခုစလုံးကလည်း စက်ရုံသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ဒီနှစ်ဒုတိယနှစ်ဝက်မှာ လုပ်ငန်းစတင်လည်ပတ်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Integrated circuits နဲ့ TFT_LCD panels တွေထုတ်လုပ်တဲ့ ကုမ္ပဏီ Nepes Ark နဲ့လည်း Image sensor အမှာစာအချို့ကို ရယူပြီး ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ဖို့ စီစဉ်နေကြောင်း sammobile က ဖော်ပြထားပါတယ်။

Image sensor တွေကို တိုးမြှင့်တောင်းဆိုရတဲ့အကြောင်းရင်းမှာ အဓိကအားဖြင့် Samsung ရဲ့ ရေပန်းစားလွန်းနေတဲ့ ISOCELL image sensors တွေကိုအားကိုးတဲ့ Xiaomi, OPPO, vivo နဲ့ realme တို့လို တရုတ်စမတ်ဖုန်းကုမ္ပဏီတွေကြောင့် ဖြစ်ပါတယ်။ Samsung အနေနဲ့လည်း အခြား OEM တွေရဲ့ Device တွေမှာ သူ့ရဲ့ Image sensors တွေကို စမ်းသပ်နေတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ISOCELL GN2 sensor ဟာ Xiaomi Mi 11 Ultra နဲ့ ပွဲထွက်လာခဲ့တယ်ဆိုပေမဲ့ အခုအချိန်အထိ Samsung smartphone တွေမှာ တွေ့မြင်ရခြင်းမရှိသေးတာပါပဲ။ နောက်တစ်ချက်ကတော့ Image sensors တွေ တောင်းဆိုနေတာဟာ စမတ်ဖုန်းထုတ်လုပ်သူတွေချည်းပဲမဟုတ်ပါဘူး။ ဒါတွေဟာ IoT devices တွေ၊ Automotive parts တွေအဖြစ်လည်း အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။

Ref: sammobile