Qualcomm ကုမ္ပဏီဟာ စမတ်ဖုန်း Chipset စျေးကွက်မှာတော့ Flagship နဲ့ Midrange တန်း ဟန်းဆက်တွေမှာ ပြိုင်ဘက်မရှိသလောက် စိုးမိုးနေတာ နှစ်အနည်းငယ် ကြာနေပါပြီ။ ဒါပေမယ့် အခုနှစ်ထဲမှာတော့ MediaTek က စိတ်ဝင်စားစရာ 5G ချစ်ပ်ဆက်တွေ မိတ်ဆက်ပြီး တကြော့ပြန် ချိန်းခြောက်လာတာ အပါအဝင် ပြိုင်ဘက်တွေက ပြန်လည် တိုက်စစ်ဆင်လာခဲ့ပါတယ်။

သူတို့ရဲ့ စျေးကွက် ဦးဆောင်သူ နေရာကို ဆက်လက်ထိန်းသိမ်းထားဖို့ Qualcomm ထုတ်ကုန်သစ်တွေကိုလည်း ခပ်စိတ်စိတ်လေး စျေးကွက်ထဲ ပို့ဆောင်လာသလို မထုတ်တော့ဘူးလို့ သတင်းထွက်ထားတဲ့ Snapdragon 865+ ကို ထုတ်ချလာခဲ့တာမျိုးတွေပါ မြင်တွေ့ခဲ့ရပါတယ်။ အမေရိကန် အခြေစိုက် ကုမ္ပဏီဟာ နောက်ထပ်လည်း Midrange တန်း ချစ်ပ်ဆက်အသစ် Snapdragon 732G ကို လာမယ့် စက်တင်ဘာမှာ မိတ်ဆက်သွားဦးမယ်လို့ သတင်းထွက်လာခဲ့ပါပြီ။

တွစ်တာက Leak သတင်းအရ ဒီချစ်ပ်ဆက်အသစ်မှာ 2.3GHz Kryo 470 Gold Core နှစ်ခုနဲ့ 1.8GHz Kryo 470 Silver Core ခြောက်ခုတို့ ပေါင်းစပ်ထားပြီး Adreno 618 GPU ပါဝင်မယ်လို့ သိရပါတယ်။ အဆိုးအကောင်း ရောနေတာ တစ်ချက်က Snapdragon 732G ဟာ 4G သီးသန့်ပဲ ဖြစ်မယ်လို့ ဆိုပါတယ်။

5G Modem မပါဝင်တာကြောင့် စျေးနှုန်းကတော့ အများကြီး သက်သာသွားမှာဖြစ်ပြီး 4G သီးသန့် ဟန်းဆက်တွေအတွက် စွမ်းဆောင်ရည်နဲ့ စျေးသက်သာမှု နှစ်မျိုးလုံး ယူဆောင်ပေးလာနိုင်ပါတယ်။ SD732G အသုံးပြုထားတဲ့ ဟန်းဆက်တစ်ခုကို ဒေါ်လာ ၃၀၀ (မြန်မာငွေ လေးသိန်း) အောက် စျေးနှုန်းနဲ့ စက်တင်ဘာလ အတွင်းမှာပဲ ဗီယက်နမ်စျေးကွက်အတွက် မိတ်ဆက်လာမယ်လို့လည်း သတင်းက ဆိုပါတယ်။

အခု သတင်းထွက်လာတဲ့ SD 732G ချစ်ပ်ဆက်ဟာ SD730G ရဲ့ အဆင့်မြှင့်ထားတဲ့ ဗားရှင်းဖြစ်ဖို့ များပါတယ်။ SD730 တုန်းကလည်း တူညီတဲ့ တည်ဆောက်ပုံနဲ့ပဲ ဖြစ်ပြီး Cortex-A76 ကို အခြေခံထားတဲ့ 2.2GHz Kryo 470 Gold Core နှစ်ခုနဲ့ Cortex-A55 ကို အခြေခံထားတဲ့ 1.8GHz Kryo 470 Silver Core ခြောက်ခုတို့ ပါဝင်ထားပါတယ်။ ကွာခြားချက်က လာမယ့် ချစ်ပ်ဆက်အသစ်ရဲ့ ပိုကြီးတဲ့ Core တွေရဲ့ ပိုမြန်တဲ့ Clock Speed ပဲဖြစ်မှာပါ။ သူ့မှာ AI စနစ်နဲ့ တွဲဖက်နိုင်စွမ်းလည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။

Ref – GizmoChina