ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဂျပန်နိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ Sharp Aquos Zero 2 စမတ်ဖုန်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 240Hz Display ပါဝင်တဲ့ စမတ်ဖုန်းပါ။ ထွက်ရှိချိန်မှာ ဂျပန်ဈေးကွက်မှာပဲ ရောင်းချခဲ့ပေမယ့် အခုတော့ ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံပြင်ပကို ထွက်လာတော့မှာပါ။

Sharp Aquos Zero 2 ဖုန်းကို ထိုင်ဝမ်ဈေးကွက်မှာ ရောင်းချဖို့ တင်ပို့လာပြီဖြစ်ပြီး ဈေးနှုန်းက ထိုင်ဝမ်ဒေါ်လာ ၂၁၉၉၀ (မြန်မာငွေ ဆယ်သိန်းခန့်) ကျသင့်မှာဖြစ်ပါတယ်။

Sharp ဟာ Aquos Zero 2 စမတ်ဖုန်းကို Snapdragon 855 ချစ်ပ်ဆက်၊ 8GB RAM နဲ့ 256GB Storage မန်မိုရီ တို့ဖြင့် ထုတ်လုပ်ထားပါတယ်။ Display က 6.4” ဖြစ်ပြီး OLED Panel ထဲမှာ Fingerprint Reader ပါဝင်ပါတယ်။

240Hz Display ဆိုတဲ့အချက်နဲ့ အခြား Specs တွေက ဒီဈေးနှုန်းအတွက်သင့်တော်တယ်လို့ယူဆကြမှာဖြစ်ပေမယ့် ကင်မရာပိုင်းကတော့ ဈေးကွက်ထဲက ဖုန်းတွေနဲ့ယှဉ်ရင် နိမ့်နေပါတယ်။ သူကမှာ အဓိက 12MP f/1.7 ကင်မရာနဲ့ 20MP f/2.4 Ultrawide Sensor တို့ပါဝင်ပြီး ရှေ့မှာလည်း 8MP f/2.4 ကင်မရာတစ်လုံးသာ ပါဝင်ပါတယ်။

ဒီဖုန်းကို Sharp ကုမ္ပဏီက ထောက်ပံ့ထားတဲ့ Esports အသင်းနဲ့ပူးပေါင်းမှုအဖြစ် ထုတ်လာခဲ့တာဖြစ်ပေမယ့်လည်း ဘက္ထရီကတော့ 3,130 mAh သာ ရှိပါတယ်။ ဒါ့ကြောင့် 240Hz Refresh Rate ပါဝင်ပေမယ့် မိုဘိုင်းဂိမ်မာတွေအတွက် ကြာရှည်ခံနိုင်ပါ့မလား ဆိုတာတော့ မသေချာပါဘူး။ ဒီလောက်မြင့်တဲ့ Display စနစ်ကို ထောက်ပံ့ပေးတဲ့ ဂိမ်းလည်း များများစားစား မရှိသေးပါဘူး။

Ref – GSMArena