Qualcomm ကနေ Mid Range နဲ့ Budget ဖုန်းတွေအတွက် Snapdragon 4 Gen 2 Chipset အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Snapdragon 4 Gen 2 Chipset ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Snapdragon 4 Gen 1 ရဲ့ မျိုးဆက်သစ် Version ဖြစ်ပြီး အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ပြီး မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

အဓိကအဆင့်မြှင့်တင်မှုကတော့ Snapdragon 4 Gen 2 Chipset ဟာ Snapdragon 4xx Series ထဲမှာ ပထမဆုံးအနေနဲ့ 4nm Architecture ကိုအခြေခံထားတဲ့ Chipset ဖြစ်လာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Qualcomm ရဲ့ 5G ကို ပိုမိုကောင်းမွန်အောင်မွမ်းမံထားတဲ့ 3GPP Release 16 Version လည်းပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Performance ပိုင်းမှာ Clock Speed 2.2GHz ရှိတဲ့ Performance Core ၂ လုံးပါဝင်မှာဖြစ်ပြီး 2.0GHz Efficiency Core ၆ လုံးပါဝင်မှာဖြစ်ပါတယ်။ Qualcomm ကတော့ Snapdragon 4 Gen 1 ထက် စွမ်းဆောင်ရည်ပိုင်းမှာ ၁၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်မှာဖြစ်တဲ့အပြင် ပါဝါစားသုံးနှုန်းက သိသိသာသာလျော့နည်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

GPU ပိုင်းကိုတော့ Qualcomm ကနေ အသေးစိတ်ပြောကြားခြင်းမရှိပေမယ့် Full HD+ Display တွေကို 120Hz Refresh Rate အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုက ပိုမိုမြန်ဆန်တဲ့ အမြင့်ဆုံး 3200MHz LPDDR5x RAM တွေကို ထောက်ပံ့ပေးနိုင်တာပဲဖြစ်ပြီး Storage ပိုင်းအတွက်လည်း UFS 3.1 Storage တွေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ Dual-ISP ကို အသုံးပြုထားပြီး Video တွေမှာ Noise Reduction နည်းပညာတစ်ခုဖြစ်တဲ့ Multi-Camera Temporal Filtering (MCTF) ကို စတင်ထည့်သွင်းပေးထားမှာပါ။ Video Recording ပြုလုပ်နိုင်တဲ့ အမြင့်ဆုံး Resolution ကတော့ Full HD 60fps ပဲရှိမှာဖြစ်ပြီး Electronic Image Stabilization (EIS) ကို ထောက်ပံ့ပေးနိုင်ပြီဖြစ်ပါတယ်။ Camera Megapixel အနေနဲ့ အမြင့်ဆုံး 108MP Sensor တွေကို အသုံးပြုနိုင်မှာပါ။

Qualcomm Snapdragon 4 Gen 2 Chipset ကို အစောဆုံးအသုံးပြုထားတဲ့ဖုန်းတွေကို ယခု ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ စတင်မြင်တွေ့ရမှာဖြစ်ပြီး Xiaomi ၊ Redmi နဲ့ vivo ကုမ္ပဏီတွေက အစောဆုံးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena