Sony ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်မှုတွေကို ပြန်လည်အာရုံစိုက်လာပြီး ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းကလည်း Camera ပိုင်းအဆင့်မြှင့်တင်မှုတွေနဲ့ Sony Xperia Pro-I စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ နောက်ထပ်လည်း စမတ်ဖုန်းထုတ်လုပ်မှုတွေကို အာရုံစိုက်သွားဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ Chipset ထုတ်လုပ်တဲ့နေရာမှာ ပစ္စည်းပြတ်တောက်မှုတွေအတွက် Sony ဟာ TSMC နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံအတွက် သီးသန့် Chip ထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။ ယခုသတင်းကို AsiaNikkei ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Sony ကိုယ်တိုင်ကလည်း Image Sensor တွေအတွက် လိုအပ်တဲ့ Logic Chip တွေကို ပိုမိုရယူဖို့ လိုအပ်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် TSMC နဲ့ Sony တို့ ပူးပေါင်းထုတ်လုပ်မှုဟာ Sony အတွက်တင်မဟုတ်ဘဲ တခြားသော Client တွေအတွက်ပါ ပိုမိုထုတ်လုပ်ရောင်းချနိုင်စေမှာဖြစ်ပါတယ်။ Sony ကိုယ်တိုင်ကလည်း ယခုစက်ရုံကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် TSMC အပြင် ဂျပန်နိုင်ငံရဲ့ စီးပွားရေးဝန်ကြီးဌာနနဲ့ပါ ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

TSMC ဟာလက်ရှိအချိန်မှာ ထိုင်ဝမ်နိုင်ငံမှာပဲ Chip တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပြီး ယခု ဂျပန်နိုင်ငံမှာ ဆောင်ရွက်သွားမယ့် စက်ရုံဟာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင်နိုင်ငံပြင်ပမှာ ထုတ်လုပ်တဲ့ စက်ရုံဖြစ်လာမှာပါ။ လက်ရှိသိထားတဲ့သတင်းတွေအရတော့ လာမယ့်နှစ်မှာ တည်ဆောက်မှုတွေကို စတင်မှာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်ပြီး Chip တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China