Tesla ရဲ့ Model X လျှပ်စစ်ကားဟာ လှေဆိပ်မှာ ရေထဲ ထိုးကျပြီး မီးလောင်သွားတဲ့ဖြစ်ရပ် ၁ ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် Model X ဘက်ထရီ Architecture ရဲ့ လုံခြုံစိတ်ချရမှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ ဟောလီးဝုဒ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကား ရေထဲ ထိုးဆင်းသွားချိန်မှာ ကားထဲမှာ ယာဉ်မောင်း အမျိုးသမီး ပိတ်မိနေခဲ့ပြီး ခင်ပွန်း ဖြစ်သူက ကယ်တင်ခဲ့ရပါတယ်။

Hollywood Professional Firefighters က ကားဟာ ပင်လယ်ရေထဲ ထိုးကျသွားပြီး ဆားငန်ရေကြောင့် ကားရဲ့ အီလက်ထရောနစ် ပစ္စည်းတွေမှာ Short Circuit ဖြစ်ခဲ့ကာ မီးလောင်ခဲ့တာလို့ ပြောပါတယ်။ ကားဟာ ရေထဲကျသွားတာတောင် မီးလောင်နေတာဖြစ်ပါတယ်။ အဲဒီနောက်မှာ ကားကို ကုန်းပေါ်သို့ ဂရုတစိုက် သယ်ယူခဲ့ရပါတယ်။ ကား မီးလောင်မှုကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်။

ကား မီးလောင်မှုကြောင့် ဒဏ်ရာရသူ မရှိခဲ့တာက ကံကောင်းပါတယ်။ Tesla က အဲဒီကား မီးလောင်မှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။

Tesla

လျှပ်စစ်ကားတွေမှာ ထည့်သွင်းထားတဲ့ ဘက်ထရီတွေဟာ အခန့်မသင့်ရင် မီးလောင်တတ်ကြပါတယ်။ အဲဒီအတွက် ကားကုမ္ပဏီတွေက ပိုမို ဘေးကင်းလုံခြုံတဲ့ ဘက်ထရီတွေကို တီထွင်နေကြပါတယ်။

Ref : gizmochina