Apple က iPhone 12 mini ကို ထုတ်လာတော့ Android တွေမှာလည်း  မျက်နှာပြင်ခပ်သေးသေးနဲ့ စမတ်ဖုန်းတွေ ပြန်ထုတ်လာကြမလားလို့ မေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ Mini Android တွေကို ချက်ချင်းဆိုသလို လိုက်ထုတ်လာမှာမဟုတ်ဘူးဆိုတဲ့ အဖြေပဲရှိပါတယ်။

Wave7 ကပြုလုပ်တဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမေးမြန်းခန်းမှာ iPhone 12 mini ဟာ အမေရိကန်ဈေးကွက်ထဲက iPhone မော်ဒယ်တွေအားလုံးကြားမှာ လူကြိုက်အနည်းဆုံးဖြစ်တယ်လို့ ဖော်ပြလာပါတယ်။ အဓိက Carrier တွေရဲ့ ပထမလရောင်းအားဟာ ၄ ကနေ ၅ ရာခိုင်နှုန်း ကြားမှာပဲ ရှိတယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာတော့ အမေရိကန်ရဲ့ အဓိက Carrier ကြီးသုံးခုမှာ iPhone 12 ဟာ ရောင်းအားရဲ့ ၂၄ ကနေ ၃၃ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။ iPhone 12 နဲ့ iPhone 12 mini တို့ဟာ အခြေခံအချက်အလက်ချင်း တူညီတဲ့ ဖုန်းတွေလို့ပြောနိုင်ပါတယ်။ ကွာခြားချက်ကတော့ Mini ဟာ 5.4-inch OLED panel နဲ့ဖြစ်ပြီး၊ iPhone 12 ကတော့ 6.1-inch အရွယ်အစား ဖြစ်တာပါ။

Apple က ဘက်ထရီပမာဏကို မဖော်ပြပေမယ့် 2,227mAh cell ကို အသုံးပြုထားတယ်လို့ ယုံကြည်ရပြီး၊ iPhone 12 မှာတော့ 2,815mAh ဘက်ထရီကို အသုံးပြုထားတာဖြစ်ပါတယ်။ MagSafe accessories အသုံးပြုတဲ့အခါ အားသွင်းမြန်နှုန်းတွေကတော့ မတူညီကြပါဘူး။ MagSafe ဟာ 15W အထိ ထောက်ပံ့ပေးပေမယ့်၊ iPhone 12 mini မှာတော့ 12W က အကန့်အသတ်ဖြစ်ပါတယ်။

ဈေးနှုန်းပိုင်းနှိုင်းယှဉ်လိုက်တဲ့အခါ iPhone 12 ဟာ Mini ထက် $100 ဈေးပိုပေးရပေမယ့်လည်း၊ လူအများစုက ပိုကြီးတဲ့မျက်နှာပြင်အတွက် $100 ကို ကြည့်မနေကြတဲ့သဘောကို မြင်တွေ့ရပါတယ်။ ရောင်းချရတဲ့အချက်အလက်တွေကို ကြည့်ရင်လည်း iPhone 12 mini ဟာ လူတွေကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်နေရတာ သိသာလှပါတယ်။

လာမယ့်အားလပ်ရက် ဈေးရောင်းရာသီမှာ iPhone 12 mini အတွက် အရောင်းမြှင့်တင်ရေးအစီအစဉ်တွေ ပြုလုပ်ဖို့ ရှိနေပြီး၊ အကယ်၍ လူတွေရဲ့စိတ်ဝင်စားမှုကို ပြန်မရဘူးဆိုရင်တော့ Android ထုတ်လုပ်သူတွေအနေနဲ့လည်း Mini Android ဆိုတဲ့စွန့်စားမှုကို လက်ရှောင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။

အကယ်၍ Mini Android တွေထုတ်လုပ်ဖို့ဆိုရင် လက်ရှိထုတ်လုပ်မှုလိုင်းတွေကို ပြုပြင်ရမယ့်အပြင်၊ ကုန်ကြမ်းတွေလည်း သီးသန့်လိုဖြစ်တာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်က များပြားမှာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Android ဈေးကွက်မှာ ရှင်သန်နိုင်ဖို့ မလွယ်ကူတဲ့အခြေအနေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Ref: Phone Arena