Samsung Galaxy S20 Ultra ကို နောက်ထပ် အရောင်သစ်တစ်မျိုးနဲ့ မြင်တွေ့ရတော့မယ်လို့ Ice Universe က ဟောကိန်းထုတ်လိုက်ပါတယ်။ ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် ယုံကြည်ရတဲ့ Leakster ဖြစ်တာကြောင့် သူပြောတဲ့အတိုင်း အရောင်သစ်နဲ့အမှန်တကယ်မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

တွစ်တာမှာ ပျံ့နှံ့နေတဲ့ Aura Glow ဟာ Ice Universe ရဲ့ သတင်းအောက်မှာ မှေးမှိန်သွားပြီလို့ ဆိုရပါမယ်။ ဒါက Leakster ရဲ့ အရှိန်အဝါကြောင့်လို့ ဆိုတာထက် ခိုင်လုံတဲ့သတင်းရင်းမြစ်ကြောင့်လို့ပဲ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် အရောင်သစ်ဟာ ဘယ်လိုအရောင်လဲ၊ ဘယ်ဈေးကွက်တွေကို ဖြန့်မှာလဲဆိုတာတော့ မသိရသေးဘဲ ကိုရီးယားပြင်ပဈေးကွက်အဖြစ် တရုတ်ပြည်တွင်းဈေးကွက်တော့ ပါဝင်ဖွယ်ရှိတယ်လို့ Ice Universe က ဆိုပါတယ်။

Galaxy S10 5G ကလည်း အရောင်အကန့်အသတ်နဲ့ ဖြန့်ချိခဲ့တာပါ။ အခြေခံအားဖြင့် အနက်နဲ့ ငွေရောင်ဖြစ်ပြီး ရွေးချယ်စရာအချို့အတွက် တော်ဝင်ရွှေရောင်ဖြစ်တဲ့ Royal Gold ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Samsung Galaxy S20+ Olympic Edition ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ရွှေရောင်အမျိုးအစားပါပဲ။ ဒီတော့ Galaxy S20 Ultra က ဘယ်လိုအရောင်သစ်ဖြစ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အခြားဘက်ကကြည့်မယ်ဆိုရင် Galaxy S20+ ဟာ Cloud Blue, Cloud White, Aura Red ဆိုပြီးရှိနေတာပါ။ နောက်တိုး Black and Grey ဖြစ်ပါတယ်။ ဒီတော့Galaxy S20 Ultra အတွက် အရောင်သစ်ဆိုတာ ကျိန်းသေသလောက် ရှိပါတယ်။ လက်ရှိအရောင်တွေကို အလွယ်ပြောရရင် ပန်းနုရောင်၊ ကောင်းကင်ပြာရောင်၊ မီးခိုးရောင် လို့ ပြောရမှာပါ။ ဒီသုံးရောင်နဲ့ လိုက်ဖက်မယ့် နောက်ထပ်အရောင်တစ်မျိုးက ဘာအရောင်များဖြစ်မလဲ။ အဖြူရောင်များ ဖြစ်နိုင်မလား။ စာဖတ်သူတွေအတွေးထဲမှာရော ဘာအရောင်များလဲ။

Ref: GSM Arena