တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့အစပိုင်းမှာ အမေရိကန်ဟာ အမျိုးသားလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့အတူ Huawei ဟာ မယုံကြည်ရတဲ့ စာရင်းထဲမှာရှိနေတယ်လို့ စွပ်စွဲပြီး မဟာမိတ်နိုင်ငံတွေကိုလည်း စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ အထူးသဖြင့် Five Eyes (Australia, Canada, New Zealand, United Kingdom & United States.) အဖွဲ့ဝင်တွေကို တိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။

အမေရိကန်က Huawei နဲ့ လက်တွဲဖြုတ်ခဲ့ဖို့ တိုက်တွန်းနေပေမယ့် ဒီနှစ်အစောပိုင်းအထိ ဗြိတိန်ဟာ Huawei ကို အကန့်အသတ်နဲ့ ခွင့်ပြုခဲ့ပါတယ်။ အဓိကကျတဲ့ အစိတ်အပိုင်းတွေမဟုတ်တဲ့ နေရာတွေမှာ 5G နဲ့ပတ်သက်ပြီး Huawei ကို ဆက်လက်လုပ်ကိုင်ခွင့်ပြုထားတာပါ။

ဒါပေမယ့် ဗြိတိန်ရဲ့ ကွန်ဆာဗေးတစ်အဖွဲ့ဝင်တွေက ဝန်ကြီးချုပ် Boris Johnson ကို ဝိုင်းပြီးဖိအားပေးလွန်းတာကြောင့် ဗြိတိန်အာဏာပိုင်တွေအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ Huawei နဲ့ အပြီးတိုင်လက်တွဲဖြုတ်သွားဖို့ စီစဉ်ရဖွယ် ရှိလာပါတယ်။

နောက်ဆုံးထွက်လာတဲ့သတင်းအရ ဝန်ကြီးချုပ်ဟာ မကြာခင်ကာလအတွင်း Huawei ကပြုလုပ်တဲ့ ဆက်သွယ်ရေးကိရိယာတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးမယ့် အစီအစဉ်ကို ရေးဆွဲပေးဖို့ တွန်းအားပေးခံနေရတယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ သြစတေးလျအစိုးရရဲ့ ကန့်သတ်ချက်တွေနဲ့ ဆင်တူတဲ့ ကန့်သတ်ချက်အဖြစ် Huawei ကို ဈေးကွက်ဝေစုရဲ့ အရေးမပါတဲ့ နေရာနဲ့ ၃၅% ကိုပဲ လုပ်ကိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းအထိ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ခံစားရသူတွေနဲ့ Huawei ကို ဆက်ပြီးလက်တွဲလိုသူတွေရဲ့ကြားက အားပြိုင်မှုဟာ ဆက်လက်ဖြစ်ပေါ်ခဲ့တုန်းဆိုပေမယ့် ကမ္ဘာ့ကပ်ရောဂါနောက်ပိုင်းမှာတော့ Huawei ကို ယုံကြည်အားထားမှုဟာ လျော့နည်းလာတဲ့ လက္ခဏာတွေ မြင်တွေ့လာရပြီ ဖြစ်ပါတယ်။

Ref: Gizmochina